မြောက်ဥက္ကလာပထွေအုပ်ရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ၊ ရွှေပြည်သာတွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဖေဖော်ဝါရီ ၁၅ ရက် ည နေ ၅ နာရီကျော်က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ညနေ ၅ နာရီထိုးပြီးချိန် ထွေ/အုပ်ရုံးထဲ ဗုံးပေါက်သံကြားတာ။ ထွေ/အုပ်ရုံးထဲမှာက စစ်ကောင်စီတပ်ဖွဲ့တွေ ရှိတယ်။ သူတို့ကို တိုက်ခိုက်တာဖြစ်မယ်၊ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့ မကြားရသေးဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
ထွေ/အုပ်ရုံး ဗုံးခွဲတိုက်ခိုက်မှုကို Generation Z Defence Force (GZDF) နဲ့ Human Right Defendaer (HRD) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ (GZDF)အဖွဲ့က ပြည်သူကို အသိပေးထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ည ၇ နာရီ ခွဲ ခန့်ကလည်း ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းအနီးမှာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လိုက်လံပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။