ရုရှားနှင့် ဘီလာရုဇ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုကို သမ္မတ ၂ ဦးကြီးကြပ်မည်

ရုရှားသမ္မတဗလာဒီမာပူတင်က ဘီလာရုဇ်သမ္မတ အလက်ဇန်ဒါးလူကာရှန်ကိုနဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေကို ကြီးကြပ်ဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်က မော်စကိုမှာ ပြောခဲ့ပါတယ်။
လက်ရှိ ရုရှားနဲ့ ဘီလာရုဇ်တို့ဟာ စစ်ရေးပူးတွဲလေ့ကျင့်မှု နေရာအများအပြားမှာ လုပ်ဆောင်နေဖြစ်ပေမဲ့ ဘယ်နေရာက စစ်ရေးလေ့ကျင့်မှုတွေကို ကြီးကြပ်သွားမလဲဆိုတာ ပူတင်က အတိအကျ မပြောပါဘူး။
သမ္မတပူတင်က စနေနေ့မှာ ရုရှားရဲ့ နျူကလီးယားလက်နက်အဖွဲ့ လေ့ကျင့်မှုတချို့ကို သွားရောက်ကြီးကြပ်ဖို့ ရှိသလို၊ လူကာရှန်ကိုကလည်း ရုရှားရဲ့ နျူကလီးယားလက်နက်တချို့ ဘီလာရုဇ်မှာ ရရှိဖို့ မျှော်မှန်းနေတာပါ။
ခေါင်းဆောင်နှစ်ဦးက ပူးတွဲကြေညာချက်ထုတ်ခဲ့ပြီး ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တော့မယ်ဆိုတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။
ပူတင်က ယူကရိန်းအနီးကနေ တပ်အချို့ အခုရက်ပိုင်း ပြန်ရုပ်သိမ်းခဲ့တယ်လို့ ပြောဆိုနေပေမဲ့ အနောက်နိုင်ငံတွေက စစ်ရေးပိုမိုတိုးချဲ့ လုပ်ဆောင်နေတယ်လို့ ယုံကြည်နေကြတာပါ။