ထိုင်းတွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀ ဖမ်းဆီးခံရ




ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၀ ကို တာဆောင်ယမ်းမြို့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ကရင်ပြည်နယ် ဘားအံကနေ သောင်ရင်းမြစ်ကို လှေနဲ့ကူးပြီး ထိုင်းနိုင်ငံကို ဝင်ရောက်လာတာဖြစ်ပြီး တာခ်ရိုင် တာဆောင်ယမ်းမြို့ မဲ့ဆောင်တိုက်နယ်မှာ ထိုင်းစစ်တပ်က ဖမ်းဆီးမိခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကတော့ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၁၁ ဦးတို့ဖြစ်ပြီး တာဆောင်ယမ်း မြို့ ပြည်သူ့ဆေးရုံတာဝန်ရှိသူတွေက ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးပြီး တာဆောင်ယမ်းမြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။
ထိုင်းတာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းချက်အရ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ လူကုန်ကူး ပွဲစားအား တစ်ဦးကို ဘတ်ငွေ ၂၀၀၀၀ ပေးပြီး ဝင်ရောက်လာကြတာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ ရွှေပြောင်းမြန်မာအလုပ်သမားတွေကို တရားမဝင် ပြည်ဝင်ခွင့်အထောက်ထားမဲ့ ဝင်ရောက်လာမှုနဲ့ ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။