close

ပေါက်မြို့နယ် ရေပြာရဲစခန်းကို PDF ၃ ဖွဲ့က ဝင်ရောက်စီးနင်း၊ စခန်းမှူးအပါအဝင် ၅ ဦးသေဆုံး


မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ရေပြာရဲစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းမှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ် PDF ၃ ဖွဲ့ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါဝင် ၅ ယောက်သေဆုံးခဲ့တယ်လို မြိုင် PDF တပ်ဖွဲ့က ပြောပါတယ်။
ပေါက်မြို့နယ် ရေပြာရဲစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄နာရီလောက်မှာ မြိုင်PDF၊ ပေါက်PDF နဲ့ ရေစကြို PDF တို့ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ၄၅ မိနစ်လောက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဒေသကာကွယ်ရေးညီနောင်မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး စခန်းသိမ်းဖို့ သွားတဲ့အချိန်မှာ ရေပြာရဲစခန်းမှူးက ကားနဲ့ထွက်လာလို့ စခန်းရှေ့တည့်တည့်မှာ ပစ်ခတ်တိုက်ခိုက်ရာ စခန်းမှူးနဲ့ရဲဘော်တစ်ယောက်ကားထဲမှာ သေဆုံးပြီး စခန်းအတွင်းထဲက ရဲ ၃ ယောက် စုစုပေါင်း ၅ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာကြောင့် ရေစကြို PDF က ရဲဘော် ၂ ယောက်ဒဏ်ရာရရှိကာ ဒဏ်ရအခြေနေကတော့ မစိုးရိမ်ရဘူး။ သွားတုန်းကတော့ စခန်းသိမ်းဖို့သွားခဲ့တာ ကျနော်တို့ဘက်က ရဲဘော် ၂ ယောက်ထိခိုက်သွားတာရယ်၊ ပေါက်ကနေ စစ်ကူကားတစ်စီးထွက်လာတာရယ်ကြောင့် စခန်းကိုတော့ မရခဲ့ဘူး။ ဒါပေမယ့် စခန်းရှေ့နဲ့ စခန်းအုပ်နံရံခြံစည်းရိုးနားထိ ချဉ်းကပ်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။”
မကွေးတိုင်းအတွင်းမှာ ယခင်ကလည်း ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းနဲ့ မြိုင်မြို့နယ် လင်းကတောရဲစခန်းတွေကို ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရေပြာရဲစခန်းမှူးအပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up