ပူတာအိုမြို့တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖတ်မာအုပ်စု လုံကာယာန်ရွာအနီးမှာ ပူတာအိုကနေ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA-PDF ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
“နေ့လယ် ၂ နာရီလောက်မှာဖြစ်မယ်၊ ရုတ်တရက်ပေါက်ကွဲသံတွေ ကြားလိုက်ရတာ၊ လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေကြားရတယ်၊ ရွာကလူတွေလည်း တောထဲထွက်ပြေးကုန်ပြီ” လို့ လုံရှာယာန်ဒေသခံတစ်ဦးက ပြောပါတယ်။
ပူတာအိုမြို့ခံတစ်ဦးက “ညနေပိုင်းလောက်မှာ မူလာရှီးဒီနားက ခလရ ၁၃၈ တပ်ထဲကို မိုးကာအုပ်ထားတဲ့ စစ်ကောင်စီကား ၂ စီးဝင်လာတယ်။ တစ်စီးမှာတော့ လက်နက်ကြီး တင်ထားပါတယ်။ စစ်ပွဲမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီစစ်သားအလောင်းတွေ သယ်လာတာ” လို့ ပြောပါတယ်။
စစ်ကောင်စီ အရာရှိတစ်ဦးအပါအဝင် တပ်သားတွေ ကျဆုံးတယ်လို့ သတင်းရထားပေမဲ့ DVB က အတည်မပြုနိုင်သေးပါဘူး။
ပူတာအိုမြို့ တန်ဂျာကျေးရွာနားမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မနက် ၆ နာရီလောက်ကလည်း စစ်ကူအနေနဲ့ ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အင်စီယာန်ရွာအနီးက ရှိန်ဂတ်ဘွမ်စစ်ဗျူဟာကုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် KIA-PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ပစ်ခတ်တိုက်ခတ်မှုတွေ ရှိလာတာ ၆ ရက်မြောက်ရှိဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီ ၁၅ ရက်နေ့ညမှာလည်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဖတ်မာရွာက ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။