ပေါင်းတည်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၂ ဦးသေဆုံး

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပေါင်းတည်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံး၊ ၁ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပေါင်းတည် PDF ကနေ သိရပါတယ်။
ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာနဲ့ ငါးရှဥ့်ကွင်း ကျေးရွာကြားကို ဖြတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ညနေ ၃ နာရီခွဲလောက်မှာ ပေါင်းတည် PDF က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပေါင်းတည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
မိုင်ခွဲတိုက်ခိုက်ပြီးနောက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ၅ မိနစ်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပေါင်းတည် PDF က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါင်းတည်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ညနေပိုင်းမှာလည်း ပေါင်းတည် PDF က စစ်ကောင်စီတပ်က တပ်ကြပ်အဆင့်ရှိသူ တစ်ယောက် သေနတ်နဲ့ ပစ်သတ်သုတ်သင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။