close

ကယားပြည်နယ်အခြေအနေ အရေးကြီးကာလ ရောက်ရှိနေဟု လွိုင်ကော် PDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ရဲ့ အခြေအနေဟာ အင်မတန် အရေးကြီးတဲ့ကာလကို ရောက်ရှိနေပြီလို့  လွိုင်ကော် PDF က ထုတ်ပြန်လိုက်ပါတယ်။

ဒီအခြေအနေမှာ ဒေသခံကာကွယ်ရေးတပ်တွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ အလျှော့ပေးမှာမဟုတ်ဘဲ စစ်ကောင်စီအကြမ်းဖက်တွေကို ရှိသမျှအင်အားအကုန်သုံးကာ တိုက်ခိုက်တွန်းလှန်မှာဖြစ်ပြီး နိုင်ငံတဝန်းမှ ပြည်သူတွေကလည်း မိမိတို့ပြည်နယ်ကို ငွေအား၊ လူအား၊ စိတ်ခွန်အား၊ ပစ္စည်းအား နည်းမျိုးစုံနဲ့ ဝိုင်းဝန်းပံ့ပိုးကူညီထောက်ပို့ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒီကနေ့မှာလည်း မိုးဗြဲနယ်မှာ တိုက်ပွဲ ၉ ရက်မြောက်ဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတော့ လွိုင်ကော် PDF အပါအဝင် ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ စတဲ့ မဟာမိတ်အဖွဲ့ ၁၀ ဖွဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝီတဲကူးကျေးရွာတဝိုက်မှာတော့ မနက်အချိန်ကစလို့ ညချိန်ထိ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဟာ လက်နက်ကြီး၊ သံချပ်ကာ ကား၊  ဒုန်းပစ်ကား၊  လေယာဉ်ဗုံးကြဲတာတွေနဲ့ အလွန်အကျွံ တနေကုန် ပစ်ခတ်အသုံးပြု တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါဟာ သူတို့ရဲ့ ခြေလျင်တပ်တွေ ဘယ်လိုမှ လှုပ်ရှားမရဘဲ ပြည်သူ့တပ်တွေရဲ့ ဝိုင်းဝန်း ပိတ်ဆို့ချေမှုန်းတာကို နေ့စဉ်ရက်ဆက် ခံနေရပြီး ရှေ့မတိုးနိုင်ပဲဖြစ်နေရတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် ခြေလျင်တပ်တွေကို အသုံးဝင်နိုင်ရေး၊ ရှေ့တိုးနိုင်ရေး အသဲအသန် ကြိုးပမ်းနေကြတာလို့ လွိုင်ကော် PDF က ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ဒေါကမီးရွာတွင်းရှိ လူနေအိမ်တွေပေါ်ကိုလည်း အကြောင်းမဲ့ အဆင်ခြင်မဲ့စွာ လေယာဉ်နဲ့ ဗုံးကြဲပြီး ပြည်သူတွေကို ဒုက္ခပေး သုတ်သင်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲနေရာနဲ့ အလှမ်းဝေးပြီး ဆိုင်ဖွင့်ကာ အရောင်းဝယ်လုပ်နေတဲ့ ရွာထဲကို ဗုံးကြဲချခဲ့တာဖြစ်ပြီး အပြစ်မဲ့အရပ်သား ၂ ယောက် အသက်ဆုံးရှုံးရကာ တခြားအရပ်သားတွေလည်း ဒဏ်ရာ ရရှိခဲ့ကြပြီး နေအိမ် ၅ လုံးလောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသခံကာကွယ်ရေးတပ်တွေဟာ အကြမ်းဖက်စစ်တပ်နဲ့ လက်နက်အင်အား အဆမတန် ကွာခြားပေမယ့် အကြမ်းဖက်စစ်တပ်ကို ဒီကနေ့အခြေနေထိ အစွမ်းကုန် တားဆီး ပိတ်ပင်ထားနိုင်နေဆဲဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up