close

BIMSTEC ထိပ်သီးညီလာခံတွင် မြန်မာစစ်ခေါင်းဆောင်ကို တက်ခွင့်မပြုရန် တောင်းဆိုသည့် လှုပ်ရှားမှုစတင်

သီရိလင်္ကာနိုင်ငံမှာလာမယ့်လကုန်ပိုင်းကျင်းပဖို့ရှိတဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို  မဖိတ်ခေါ်ဖို့တောင်းဆိုတဲ့ လှုပ်ရှားမှု စတင်ပြုလုပ်နေပါတယ်။

အိန္ဒိယရောက်မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ဖွဲ့စည်းထားတဲ့  India For Myanmar အဖွဲ့သားတွေက အိန္ဒိယနိုင်ငံ အခြေစိုက် BIMSTEC နိုင်ငံတွေရဲ့ သံရုံးတွေနဲ့ အိန္ဒိယဝန်ကြီးချုပ်ရုံးသို့ ဖေဖော်၀ါရီ ၂၄  ရက်က  အိတ်ဖွင့်စာတွေ လူကိုယ်တိုင်သွားရောက်ပေးပို့ တောင်းဆိုခဲ့ပါတယ်။

အိတ်ဖွင့်ပေးစာမှာတော့ လာမယ့် မတ်လ ၃၀ ရက်နေ့ ကျင်းပမယ့်  BIMSTEC ထိပ်သီးညီလာခံသို့ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အား မြန်မာပြည်ကိုယ်စားပြု မဖိတ်ခေါ်ဖို့နဲ့ ထိပ်သီးညီလာခံရဲ့ ဆွေးနွေးချက်တွေဟာ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ တောင်းဆိုချက်တွေကို လေးစားအသိအမှတ်ပြုဖို့လည်း  တိုက်တွန်းထားပါတယ်။

နိုင်ငံတကာရောက် တော်လှန်ရေးအင်အားစုတွေအနေနဲ့  မိမိရောက်ရှိနေထိုင်ရာ နိုင်ငံရှိ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေထံ ဖိအားပေး အိတ်ဖွင့်ပေးစာတွေပေးပို့တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ကြဖို့လည်း  India For Myanmar အဖွဲ့က တိုက်တွန်းနှိုးဆော်ပါတယ်။

BIMSTEC အဖွဲ့မှာ  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တာဖြစ်ပြီး  လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အာဏာသိမ်းစစ်တပ်ကို  မြန်မာနိုင်ငံ နိုင်ငံကိုယ်စားပြုအဖြစ် လက်ခံထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

(BIMSTEC) အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုပေးနေတာကို ချက်ချင်းရပ်တန့်ဖို့နဲ့  စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဖို့  Justice For Myanmar ကလည်း တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up