လောင်းလုံးမြို့က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အထွက်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ် ဖေဖော်ဝါရီ ၂၆ရက်၊ ည ၈ နာရီခွဲအချိန်လောက်က မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ လောင်းလုံးမြို့ခံတွေက ပြောပါတယ်။
အဆိုပါစစ်ဆေးရေးဂိတ်အား လွန်ခဲ့တဲ့တစ်လကျော်လောက်ကမှ ထားရှိခဲ့တာဖြစ်ပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးတာမျိုးရှိတဲ့အတွက် လမ်းသွားလမ်းလာတွေအနေနဲ့ အခက်အခဲ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ အဲဒီစစ်ဆေးရေးဂိတ်မှာ မရှိတာကတော့ နှစ်ပတ်လောက်ရှိပြီဖြစ်ပြီး ဘယ်အဖွဲ့ကနေ အခုလိုမျိုး မီးရှို့ဖျက်ဆီးခဲ့လဲဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လောင်းလုံးမြို့ခံတစ်ဦးက “မီးရှို့ခံရတာကတော့ ၈ နာရီခွဲလောက်မှာပဲ့၊ အဲဒီဂိတ်မှာက စစ်သားတွေမရှိတာ နှစ်ပတ်လောက်တော့ရှိနေပြီ၊ ရှိနေတုန်းကတော့ တော်တော် အစစ်အဆေးကြမ်းတယ်” လို့ ပြောပါတယ်။
မီးရှို့ခံရပြီး ၁၀ မိနစ်လောက်အကြာမှာတော့ ထားဝယ်မြို့ အဝင်အထွက်ဂိတ်တစ်ခုဖြစ်တဲ့ ကမျောကင်းတံတား စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ သေနတ် ရမ်းသမ်းပစ်ခတ်တာမျိုး ရှိတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ _ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ စစ်ဆေးရေးဂိတ်။