ဘီယယ်ဆာကို ထုတ်ပယ်ပြီးနောက် လိုက်ဇစ်နည်းပြဟောင်းကို ခန့်အပ်ရန် လိဒ်အသင်းစီစဉ်

လိဒ်ယူနိုက်တက်အသင်းဟာ နည်းပြ ဘီယယ်ဆာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် လိုက်ဇစ်နည်းပြဟောင်း ဂျက်စီမာ့ရှ်ကို ခန့်အပ်ဖို့စီစဉ်နေပါတယ်။
ပရီးမီးယားလိဂ်ကို တန်းတက်အောင်စွမ်းခဲ့တဲ့ အာဂျင်တီးနားနည်းပြ ဘီယယ်ဆာဟာ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်နဲ့ ၂ မှတ်သာကွာတော့တာကြောင့် ရာထူးကနေ ထုတ်ပယ်ဖို့ လိဒ်အသင်းက ဆုံးဖြတ်ခဲ့တာပါ။
အသင်းရဲ့ဘောလုံးကစားပုံကို အပြောင်းအလဲတခုလုပ်ဆောင်ခဲ့ပြီး တန်းတက်အောင်လည်းစွမ်း ဆောင်ပေးခဲ့တဲ့ ဘီယယ်ဆာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရတာက အလွန်ခက်ခဲပေမယ့် အသင်းရဲ့ အကျိုးအတွက် ကြည့်ပြီးလုပ်ဆောင်ခဲ့ရတာလို့ လိဒ်အသင်းပိုင်ရှင် ရာဒရီဇာနီက ပြောပါတယ်။
ဘီယယ်ဆာဟာ လိဒ်ယူနိုက်တက်ကို ဆွဲဆောင်မှုရှိတဲ့ တိုက်စစ်အသားပေးကစားပုံနဲ့ ကစားစေခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုရခဲ့ပေမယ့် ၃ ရာသီကျော် ဖြတ်သန်းခဲ့ပြီးမှာ အသင်းနဲ့ လမ်းခွဲခဲ့ရတာပါ။
လိဒ်အသင်းတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့နှစ်က ဂျာမန်ကလပ် လိုက်ဇစ်အသင်းနဲ့လမ်းခွဲခဲ့တဲ့ အမေရိကန်နည်းပြ ဂျက်စီမာ့ရှ်ကို ခေါ်ယူဖို့စီစဉ်နေပြီး ရက်ပိုင်းအတွင်းမှာ စာချုပ်ချုပ်ဆိုသွားဖို့ရှိပါတယ်။