ဖီဖာက ရုရှားအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲမှ ထုတ်ပယ်

အိမ်နီးချင်းယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့အပေါ် အရေးယူတဲ့အနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ရုရှားအသင်းအား ကမ္ဘာ့ဖလားခြေစစ်ပွဲကနေ ထုတ်ပယ်လိုက်ပါတယ်။
ဒါကြောင့် ပိုလန်နဲ့ လာမယ့်မတ်လ ၂၄ ရက်မှာ ကစားမယ့် ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ရုရှားအသင်းက ယှဉ်ပြိုင်ကစားခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။
အခုဆုံးဖြတ်ချက်မတိုင်ခင်မှာ ရုရှားနဲ့ ကစားရမယ့် ပိုလန်၊ ချက်နဲ့ ဆွီဒင်အသင်းတွေကလည်း ရုရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ မဟုတ်ကြောင်း ဖီဖာကို အကြောင်းကြားစာပေးပို့ခဲ့ပါသေးတယ်။
ရုရှားအမျိုးသမီးအသင်းဟာလည်း အင်္ဂလန်မှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆုံးရူံးခဲ့ပါတယ်။
ဘောလုံးလောကဟာ တစုတစည်းတည်းဖြစ်ဖို့လိုပြီး ယူကရိန်းနိုင်ငံမှာ ထိခိုက်ခံစားနေကြရတဲ့ လူတွေအားလုံးနဲ့အတူ ရှိတယ်လို့ ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နောက်ထပ် ထုတ်ပြန်ချက်တစုံတရာ မထုတ်ပြန်မချင်း လက်ရှိဆုံးဖြတ်ချက်အတိုင်း ရုရှားအသင်းက လိုက်နာ သွားရမယ်လို့လည်း ဆိုပါတယ်။
ရုရှားကလပ်တွေကိုလည်း ဥရောပပြိုင်ပွဲကစားခွင့် ပိတ်ပင်ခဲ့တာကြောင့် စပါးတက် မော်စကိုအသင်းက ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ဂျာမန်ကလပ် လိုက်ဇစ်က ကွာတားဖိုင်နယ်ကို အလိုအလျောက် တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားကုမ္ပဏီတွေနဲ့ စပွန်ဆာစာချုပ်တွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။