ရုရှားနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲ မကစားဟု ပိုလန်၊ ဆွီဒင်နှင့် ချက်အသင်းတို့ ထုတ်ပြန်

ရုရှားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမှာမဟုတ်ကြောင်း ပိုလန်၊ ဆွီဒင်နဲ့ ချက်အသင်းတွေက သတင်းထုတ်ပြန်ပါတယ်။
ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံက ဝင်ရောက်ကျူးကျော်ပြီး စစ်ပွဲဆင်နွှဲနေတဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရုရှားလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ် အဆင့်လမ်းကြောင်း B မှာ ပိုလန်၊ ဆွီဒင်၊ ချက်နဲ့ ရုရှားအသင်းတွေက ဆီမီးဖိုင်နယ်ကနေ စတင်ယှဉ်ပြိုင်ကြရမှာပါ။
ဆီမီးဖိုင်နယ်အဆင့်မှာ ချက်နဲ့ ဆွီဒင်၊ ပိုလန်နဲ့ ရုရှားတို့ တွေ့ဆုံခဲ့တာပါ။ အနိုင်ရတဲ့ ၂ သင်းက ဗိုလ်လုပွဲအနေနဲ့ ဆက်လက်ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
ပိုလန်၊ ဆွီဒင်နဲ့ ချက်အသင်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှား ပါဝင်တဲ့ ခြေစစ်ပွဲကို ယှဉ်ပြိုင်ကစားမှာမဟုတ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကို အကြောင်းကြားခဲ့ပါတယ်။
ဖီဖာဘက်ကတော့ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်မှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း၊ အကြမ်းဖက်မှုတွေက အဖြေမဟုတ်တာကြောင့် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာသွားရမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
လက်တလော ဆုံးဖြတ်ချက်အရတော့ ရုရှားကို ပြိုင်ပွဲက ထုတ်ပယ်ဖို့ ဖီဖာက မစဉ်းစားသေးဘဲ ပြိုင်ပွဲမှာ နိုင်ငံအလံနဲ့ နိုင်ငံတော်သီချင်း အသုံးမပြုဖို့ ဖီဖာက ဆုံးဖြတ်ချက်ချထားပါတယ်။
ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးနဲ့ ဂျူဗင်တပ်က ပိုလန်ဂိုးသမား ရှက်ဇနီတို့ကလည်း လက်ရှိအခြေအနေမှာ ရုရှားအသင်းနဲ့ ကစားဖို့ မဖြစ်နိုင်ကြောင်း ပြောထားပါတယ်။