ကိုဗစ်စည်းမျဉ်းမလိုက်နာခဲ့သည့် အာဂျင်တီးနားကစားသမား ၄ ဦး ၂ ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ခံရ

ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင်မှာ ကိုဗစ်-၁၉ စည်းမျဉ်းတွေကို လိုက်နာခြင်း မရှိခဲ့တဲ့ အာဂျင်တီးနားကစားသမား ၄ ဦးကို ဖီဖာက ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်က ဘရာဇီးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပွဲစလို့ ၅ မိနစ်ခန့်လောက်မှာပဲ ကိုဗစ်စည်းမျဉ်းမလိုက်နာတဲ့ ကစားသမား တွေရှိတယ်ဆိုပြီး ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
ဘရာဇီးကျန်းမားရေး တာဝန်ရှိသူတွေဟာ အာဂျင်တီးနား ကစားသမားတွေဖြစ်တဲ့ လိုဆယ်ဆို၊ ရိုမဲရိုး၊ ဘွန်ဒီယာနဲ့ ဂိုးသမား မာတီနက်ဇ်တို့ဟာ ပွဲမတိုင်ခင်မှာ ကွာရန်တင်းဝင်ဖို့ ပျက်ကွက်ခဲ့တာကြောင့်ဆိုပြီး ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြတာပါ။
လက်ရှိအချိန်မှာတော့ အဆိုပါ ကစားသမား ၄ ဦးဟာ ဘရာဇီးနိုင်ငံရဲ့ ကွာရန်တင်းစည်းကမ်းချက်တွေကို ရှောင်လွဲဖို့ ကြိုးစားခဲ့တာကြောင့်ဆိုပြီး ဖီဖာက နိုင်ငံတကာပွဲစဉ် ၂ ပွဲပယ်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
ဒါ့အပြင် ဘရာဇီးနဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်တွေကိုလည်း အမိန့်နဲ့ လုံးခြုံရေးဆိုင်ရာစည်းမျဉ်းတွေကို မလိုက်နာခဲ့ဘူးဆိုပြီး ပေါင် ၄ သိန်းနဲ့ ၁ သိန်း ၆ သောင်း အသီးသီးချမှတ်ခဲ့ပါတယ်။
ပွဲရွှေ့ဆိုင်းခဲ့ရမှုအတွက်တော့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို နောက်ထပ် ပေါင် ၄ သောင်းပေးဆောင်ဖို့ ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက အမိန့်ချမှတ်ခဲ့ပါတယ်။