ရုရှားစစ်တပ်က ယူကရိန်းမြို့တော် ကိယက်ဗ်နှင့် အခြားမြို့များကို သိမ်းရန်ကြိုးစားနေ

ရုရှားစစ်တပ်ဟာ မြို့တော်ကိယက်ဗ်နဲ့ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ နိုင်ငံအရှေ့မြောက်ဘက်က ခါရ်ကိဗ်မြို့တွေကို သိမ်းဖို့ ကြိုးစားနေတယ်လို့ ယူကရိန်းသမ္မတရုံး အကြံပေး အိုလက်စီ အာရက်စတိုဗစ်ချ်က မတ်လ ၁ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားစစ်တပ်ဟာ မြို့တော် ကိယက်ဗ်၊ ခါရ်ကိဗ်နဲ့ နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ မာရိုင်ပူတို့ကို ညလုံးပေါက် အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်၊ ယူကရိန်း လေကြောင်းရန် ကာကွယ်ရေး တပ်ကလည်း မြို့တော်ပတ်လည်နားကို ပျံသန်းလာတဲ့ ရုရှားစစ်လေယာဉ် ၅ စီးကို ပစ်ချခဲ့တယ်လို့ အာရက်စတိုဗစ်ချ်က ရုပ်သံသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိအခြေအနေဟာ ယူကရိန်းဘက်က ထိန်းချုပ်နိုင်တဲ့ အခြေအနေလို့လည်း သူက ပြောခဲ့ပါတယ်။
ရုရှားဘက်က ဒုံးကျည်နဲ့ ပစ်ခတ်နေတဲ့ အရေအတွက်က ကျဆင်းလာနေပြီ၊ ဘာလို့လဲဆိုတော့ ရန်သူဟာ ဒုံးကျည်စွမ်းအင် ၃ ပုံ ၂ ပုံထက် မနည်းကို သုံးပြီးသွားပြီး ဒါဟာ လျော့လာမယ့် လက္ခဏာပဲလို့လည်း သမ္မတရုံး အကြံပေးက ပြောပါတယ်။