close

ကျောက်မဲတွင် လူငယ် ၃ ဦး ငါးသွားဖမ်းရာက မိုင်းနင်းမိ ဒဏ်ရာရ

ဓာတ်ပုံ - နမ့်ခုံးရှမ်းများ ပရဟိတအသင်း

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ မတ် ၁ ရက် မွန်းလွဲပိုင်းက  တတ်ပါခမ်းရေတံခွန်မှာ ငါးသွားမျှားတဲ့ လူငယ် ၃ ယောက် မိုင်းနင်းမိပြီး ၁ တယောက်က ခြေထောက် ၂ ဖက်လုံး ဖြတ်ပစ်ရမယ့် အခြေအနေရှိနေပါတယ်။

ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာ တတ်ပါခမ်းရေတံခွန်အနီးမှာ လူငယ် ၃ ယောက် မိုင်းထိကြောင်း အကူအညီတောင်းလာတဲ့အတွက် သွားရောက်ကူညီပြီး ကျောက်မဲဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့  နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ တာဝန်ရှိသူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“လူငယ်တွေ မိုင်းထိခံရတယ်လို့ အကြောင်းကြားလာလို့ ကျနော်တို့အသင်းက သွားကူခဲ့ပါတယ် ခင်ဗျ။ ဖြစ်တာက ဘယ်အချိန်လဲတော့ အတိအကျမသိဘူး။ ကျနော်တို့ဆီ အကြောင်းကြားတာက နေ့လယ် ၁၂ နာရီလောက်မှာ။ ဟိုရောက်တော့ ရေတံခွန်ထဲထိ မဝင်ရပါဘူး။ ရွာသားတွေက တောစပ်အထိ သယ်လာပေးတယ်။ သွားတာက ၃ ယောက်။ ဒဏ်ရာရတာက ၂ ယောက်ပါ။  ၁ ယောက်က ပေါင်မှာရော ခြေထောက်နှစ်ဖက်လုံး ကြေမွသွားတယ်။ ဖြတ်ပစ်ရမယ့် အခြေအနေ ရှိတယ်။ ကျန်တဲ့တယောက်က ဝမ်းဗိုက်၊ မျက်နှာနဲ့ တကိုယ်လုံး မိုင်းစ‌တွေ စင်တယ်၊ သူတို့ကို ကျောက်မဲဆေးရုံကြီး OPT ဆီပို့ပေးလိုက်ပါတယ်။”

ကျောက်မဲမြို့ ရပ်ကွက် ၂ နေ အသက် ၂၀ အရွယ်  စိုင်းလာဟူးနဲ့   ၂၂ နှစ်အရွယ် စိုင်းအောင်မိုင်းတို့ ဒဏ်ရာပြင်းထန်တာကြောင့် မနေ့ညက ကျောက်မဲဆေးရုံကနေ မန္တလေးဆေးရုံနဲ့ လားရှိုးဆေးရုံတို့ကို လွှဲပြောင်းကုသပေးထားတယ်လို့ ဆိုပါတယ်။

အဆိုပါလူငယ် ၂ ယောက်လုံးမှာ လက်လုပ်လက်စားအခြေခံလူတန်းစားတွေမို့ အခုလို ထိခိုက်ဒဏ်ရာရတော့ ဆေးဖိုးဝါးခအခက်အခဲရှိနေတယ်လို့ သွားရောက်ကူညီခဲ့သူက ပြောပါတယ်။ 

တတ်ပါခမ်းရေတံခွန်မှာ ကျောက်မဲမြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာ ပူးခါးနဲ့ နားခေါ်ကျေးရွာကြားမှာ တည်ရှိပြီး ပြီးခဲ့တဲ့နှစ်က TNLA,SSPP တို့ပါဝင်တဲ့ တပ်ပေါင်းစုနဲ့ RCSS တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up