ဟောင်ကောင်တွင် ကိုဗစ်ကူးစက်ခံ အိမ်အကူလုပ်သားများကို အိမ်ရှင်က အလုပ်ဖြုတ်နှင်ထုတ်

ဟောင်ကောင်မှာ ကိုဗစ်-၁၉ ကူးစက်မှု အမြန်တိုးလာနေလို့ အိမ်အကူလုပ်သားတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အချိန်မှာ အိမ်ရှင်တွေက အလုပ်ဖြုတ် နှင်ထုတ်တာကို ခံနေရပါတယ်။
ဟောင်ကောင်မှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကလာသူ အများစုဖြစ်တဲ့ အိမ်အကူလုပ်သား အယောက် ၃သိန်းခွဲလောက် ရှိနေတာပါ။
ဟောင်ကောင်မိသားစု အများအပြားဟာ အိမ်မှာ အသက်ကြီးသူတွေနဲ့ ကလေးတွေကို စောင့်ရှောက်ဖို့နဲ့ အိမ်သန့်ရှင်းရေးအတွက် အတူနေ အိမ်အကူတွေကို လခ အမေရိကန်ဒေါ်လာ ၅၉၃ ဒေါ်လာ ပေးပြီး အားကိုးနေရပါတယ်။
ဟောင်ကောင်ဥပဒေအရ ရွှေ့ပြောင်းနေထိုင်သူ အိမ်အကူတွေဟာ အိမ်ရှင်တွေနဲ့ အတူနေရပြီး သူတို့ စောင့်ရှောက်ရတဲ့ ကလေးတွေနဲ့ တခန်းတည်း ဒါမှမဟုတ် အခန်းငယ်ထဲမှာ နေရလေ့ရှိပါတယ်။
ခုတော့ နှင်ထုတ်ခံ၊ အလုပ်ထုတ်ခံ အိမ်အကူတွေအတွက် ကာကွယ်ထောက်ပံ့ပေးဖို့ ဖိလစ်ပိုင် အာဏာပိုင်တွေက မေတ္တာရပ်ခံထားပါတယ်။
ကူးစက်ခံ အိမ်အကူတွေကို အလုပ်ထုတ်တာဟာ အပြစ်ရှိတယ်လို့ ဟောင်ကောင် အလုပ်သမားဌာနက အိမ်ရှင်တွေကို သတိပေးထားပါတယ်။
ဥပဒေချိုးဖောက်သူ အိမ်ရှင်တွေဟာ ဟောင်ကောင်ဒေါ်လာ တသိန်း ဒဏ်တပ်ခံရမှာပါ။အာရှအိမ်အကူလုပ်သားသမဂ္ဂ ဟောင်ကောင်အသင်းချုပ်ကတော့ အလုပ်ထုတ်ခံ ကိုဗစ်-၁၉ ကူးစက်ခံ အိမ်အကူ အယောက် ၂၀ ကျော်ရဲ့ တိုင်စာတွေ လက်ခံရရှိထားတယ်လို့ အရင်အပတ်က ပြောထားပါတယ်။