close

ကုန်ဈေးနှုန်းထိန်းချုပ်ရန် ထိုင်းအစိုးရက အခြေခံကုန်ပစ္စည်း ၁၇ မျိုးကို ဈေးနှုန်း သတ်မှတ်

ထိုင်းနိုင်ငံမှာ အခုနှစ်အစောပိုင်းက အာဖရိက ဝက်တုပ်ကွေးကူးစက်ပျံ့နှံ့မှုနဲ့ ဝက်သား ရှားပါးပြတ်လပ်မှုကြောင့် စားသောက်ကုန်အများစု ဈေးနှုန်းတွေ မြင့်တက်ခဲ့ရာကနေ လက်ရှိမှာတော့ အရင်အတိုင်း ပြန်လည်ကျဆင်းလာခဲ့ပြီလို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီး ဂျူရင်လက်ခ်ဆန်နဝီဆစ်က “ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ ပျမ်းမျှသားငါး‌ဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းလာနေခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ ဝက်သား ၁ ကီလို ကို ၁၄၉ ဒသမ ၂၅ ဘတ်၊ ကြက်ပေါင်သား ၁ ကီလိုကို ၆၆ ဘတ်ထိ ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် စားအုန်းဆီ ၁ လီတာကို ၆၁ ဒသမ ၆၉ ဘတ်၊ ပဲပိစပ်ဆီ ၁ လီတာကို ၅၈ ဒသမ ၁၉ ဘတ် ဈေးနှုန်းတွေ ဖြစ်လာခဲ့ပါတယ်”လို့ ပြောပါတယ်။

ဟင်းချက်ဆီ ၂ မျိုးဖြစ်တဲ့ စားအုန်းဆီနဲ့ ပဲပိစပ်ဆီ ဈေးနှုန်း ၂ ခုစလုံးကို အမြင့်ဆုံးဈေးနှုန်း တလီတာကို ၆၄ ဘတ်နဲ့ ၇၃ ဘတ်စီနဲ့ အဲဒီဈေးနှုန်းအောက်သာ ရောင်းချဖို့ ဝန်ကြီးဌာနက သတ်မှတ်ထားတယ်လို့ ဝန်ကြီး ဂျူရင်က ပြောပါတယ်။

“အခုနှစ်အစောပိုင်းကစလို့ စားသောက်ကုန်ဈေးနှုန်းတွေ စျေးကြီးမြင့်နေတဲ့ကြားကပဲ ပြည်သူတွေရဲ့ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျော့ပါးသက်သာစေဖို့ ဝန်ကြီးဌာနက အခြေခံ စားသောက်ကုန် ၁၇ မျိုးကို စျေးနှုန်းသတ်မှတ်ပေးထားပါတယ်။”

အဆိုပါ စားသောက်ကုန် ၁၇ မျိုးထဲမှာတော့ အသင့်စားခေါက်ဆွဲခြောက်၊ သတ်မှတ် သား ငါး၊ စည်သွပ်ဘူး၊ ဆန်၊ ဆီ၊ ဆား၊ နွားနို့နဲ့ နို့ထွက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ သန့်ရှင်းရေးသုံး ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ တိရစ္ဆာန်အစာ၊ မီးသွေး၊ ဘိလပ်မြေ၊ စက္ကူ၊ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ရေလွှမ်းမိုးခံရတဲ့ ဒေသတွေဖြစ်တဲ့ နခွန်ဆီသမာရတ်၊ ပတ်ဌာနီ၊ ယာလ၊ နရာသီ ဝပ်စတဲ့ ဒေသတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေရဲ့ စျေးနှုန်းအတက် အကျနဲ့ သိုလှောင်ထားရှိတာတွေ မရှိစေဖို့ နီးနီးကပ်ကပ် စောင့်ကြည့်စစ်ဆေးမှုတွေကို ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up