ထိုင်းတွင် ကိုဗစ်-၁၉ ရောဂါကို ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနိုင်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပါက အရင်လို သီးသန့်ခွဲထားတဲ့နေရာ Home Isolation နဲ့ လူထုကုသရေးဆောင် Community Isolation တွေမှာ သွားနေစရာမလိုတော့ဘဲ မိမိအိမ်ကနေ ပြင်ပလူနာပုံစံ OPT စနစ်နဲ့ ကုသနိုင်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ဆေး ပညာနဲ့ ကုသရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီအစီအစဉ်ကို ထိုင်းနိုင်ငံ ကိုဗစ်- ၁၉ အခြေအနေကွပ်ကဲထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ သဘောတူချက်အရ မတ်လ ၁ ရက်က စတင်ခဲ့တာပါ။
လက်ရှိထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်ခံရသူတွေ နေ့စဉ် ၂၀၀၀၀ ကျော်နဲ့ သက်သာပျောက်ကင်းမှု ၁၀၀၀၀ ကျော်ရှိပြီး အဲဒီထဲက ရောဂါပြင်းထန်လို့ အောက်စီဂျင်အိုး အသုံးပြုနေရသူတွေ ၄ ရာခိုင်နှုန်းသာရှိကာ HIso နဲ့ CI စင်တာတွေမှာ ကုသခံနေရသူတွေဟာ မိမိဘာသာ အိမ်ကနေဂရုစိုက်စောင့်ရှောက်နိုင်မယ့် အခြေအနေ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကုသရေး စနစ်ဖြေ လျှော့လိုက်တာဖြစ်ပြီး နောက်နောင် ကိုဗစ်-၁၉ ရောဂါကို endemic disease သမားရိုးကျ ရောဂါတခုအဖြစ် ကြေညာနိုင်ဖို့ အစပြုခြင်းဖြစ်ကြောင်း ထိုင်းကျန်းမာရေးနဲ့ဆေးဘက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆုမ်ဆဒ် အချတ်ဆင်က ထိုင်းပီဘီအက်စ်တီဗွီသတင်းမှာ ဖြေကြားထားပါတယ်။
အဆိုပါ အစီအစဉ်အရ မိမိဖာသာ ATK နဲ့ စစ်ဆေးပြီး ကိုဗစ်-၁၉ ကူးစက်ခံရတာတွေ့ရင် RT-PCR စနစ်နဲ့ ထပ်စစ်စရာမလိုဘဲ ဆေးရုံဆေးခန်းမှာ ဆရာဝန်လာပြ၊ ဆေးရုံကနေ စမ်းသပ်ပြီး သောက်ဆေးပေး၊ မိမိဘာသာ အိမ်မှာသီးသန့်ခွဲနေနိုင်ကြောင်း၊ ဆေးရုံဆေးခန်းက လူနာအခြေအနေသတင်းမေးတာကိုလည်း ၄၈ နာရီအတွင်းသာ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီအစီအစဉ်အတိုင်း မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ်လို့ မဆိုလိုဘဲ လက်ရှိကုသမှု ပုံစံအပြင် နောက်ထပ်ရွေးချယ်မှု ပုံစံတခု တိုးလာတာပဲလို့ ဆိုပါတယ်။
မိမိဘာသာ အိမ်ကနေ ပြုစုစောင့်ရှောက်မယ့်သူတွေအနေနဲ့တော့ အိမ်သားတွေနဲ့ သီးသန့်ခွဲနေ၊ လူစုလူဝေးရှောင်ရှား၊ ဆရာဝန်ပေးတဲ့ဆေးပုံမှန်သောက်ပြီး ကိုယ်ခံအားကောင်းအောင် နေထိုင်စား သောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေကတော့ ဒီကနေ့ မတ်လ ၂ ရက်မှာ ကူးစက်ခံရသူအသစ် ၂၂၁၉၇ ဦး၊ သက်သာပျောက်ကင်းသူ ၁၉,၀၉၃ ဦးနဲ့ သေဆုံးသူ ၄၅ ဦး ရှိတယ်လို့ သက်ဆိုင်ရာ ထုတ်ပြန်ထားပါတယ်။
အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစ ဒီနေ့ထိ ကူးစက်ခံသူပေါင်း ၇၁၁၁၀၉ ဦး၊ သက်သာပျေက်ကင်း ၅၂၄၂၄၅ ဦး နဲ့ သေဆုံးသူ ၁၃၂၃ ဦးရှိတယ်လို့ ဆိုပါတယ်။