လွိုင်ကော် စစ်ရှောင်အချို့ နေရပ်ပြန်၊ နေအိမ်များ မီးလောင်ပျက်စီးနေသဖြင့် အခက်ကြုံနေ

ကရင်နီ(ကယား) ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား လွိုင်ကော်မြို့ပေါ်မှာ ဇန်နဝါရီ အစောပိုင်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် လွိုင်ကော်မြိုခံ အတော်များများ စစ်ဘေးရှောင်ခဲ့ကြရပါတယ်။
ဖေဖော်ဝါရီမှာလည်း လွိုင်ကော်နဲ့ ထိစပ်နေတဲ့ ရှမ်းကယားနယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ်ဘက်ကို တိုက်ပွဲတွေ တဖန်ပြန်လည်ပြင်းထန်လာသလို စစ်ကောင်စီတွေ အရောက်အပေါက်နည်းတဲ့ နန်းမယ်ခုံမြို့၊ လိုဘာခိုနဲ့ လွိုင်နန်းဖကျေးရွာတွေအထိ ထိုးစစ်ဆင်မှုတွေ ရှိပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ လက်ရှိ တိုက်ပွဲအနည်းငယ် ပြန်လည်ငြိမ်သက်တဲ့အတွက် ရှမ်းပြည်ဘက်ကို စစ်ဘေးရှောင်သွားခဲ့ကြတဲ့ လွိုင်ကော်မြို့ပေါ်က ဒေသခံတချို့လည်း အခုတပတ်အတွင်း နေရပ်ပြန်နေသူတွေ ပိုမိုများပြားလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လွိုင်ကော်မြိုပေါ်ကနေ နေရပ်စွန့်ခွာပြီး ပြန်လာသူတွေအနေနဲ့ မိမိနေအိမ်ကို ပြန်လာပါကလည်း ရပ်ကွက်အလိုက် သတ်မှတ်ထားတဲ့နေရာမှာ စာရင်းပေးသွင်းပြီးမှ နေထိုင်ဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းက ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း ပြန်လည်နေထိုင်မယ့်သူအနေနဲ့ GTC ကျောင်း၊ ဒေါဥခူရပ်ကွက်အတွက် အထက ၃ ကျောင်း၊ မှုံပြာရွာမှာ နေထိုင်လိုသူတွေက GTC ကျောင်းမှာ သတင်းပို့ပြီးမှ နေထိုင်ဖို့လည်း ညွှန်ကြားထားပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့သူတချို့ နေရပ်ပြန်သွားရာမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ရာမဲ့အခြေအနေမျိုး ကြုံတွေ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီခန့်အပ်ထားတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်သစ် ဦးဇော်မျိုးတင်နဲ့ အဖွဲ့ဝင်တွေကတော့ ပြန်လာသူတွေကို အခြေခံစားကုန် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
နယ်မြေအခြေအနေ တည်ငြိမ်လာမှုကြောင့် ပြန်လည်ဝင်ရောက်လာတဲ့ ပြည်သူတွေကို ကြိုဆိုရေးစခန်းက လက်ခံရာမှာ စနစ်တကျ စိစစ်မှတ်တမ်းရေးသွင်းတာ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးတာ၊ ရောဂါပိုးတွေ့ရှိသူတွေကို ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ပေးတာ၊ လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက်အသီးသီးမှာ ပြန်လည်နေထိုင်မယ့် မိသားစုတွေကို အခြေခံစားကုန်တွေ ထောက်ပံ့ပေးတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို စစ်ရှောင်တွေ ပြန်လာနေထိုင်တဲ့အနေအထားဟာ ယာယီဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးမှုတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ ခန်းမှန်းကြောင်း ယူအန်အိုချာရဲ့ ဒီကနေ့ မတ်လ ၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လူဦးရေ ၂၂၄,၂၀၀ လောက်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အဲဒီထဲက ၉၂,၄၀၀ ဟာ ကယားပြည်နယ်က ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။