ချဲလ်ဆီးကို ရောင်းချပြီး ယူကရိန်းစစ်ဘေးသင့်သူများကို လှူဒါန်းရန် အေဗရာမိုဗစ် ဆုံးဖြတ်

ရုရှားလူမျိုးပိုင်ရှင် အေဗရာမိုဗစ်ဟာ ချဲလ်ဆီးအသင်းကို ရောင်းချပြီး ယူကရိန်းက စစ်ဘေးသင့် ပြည်သူတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကနဦးက အသင်းရဲ့ ပရဟိတဖောင်ဒေးရှင်းကို ပိုင်ဆိုင်မှုတွေ လွှဲအပ်ဖို့ စီစဉ်ခဲ့ပေမယ့် ရှုပ်ထွေးမှုတွေရှိလာခဲ့ပြီးနောက် အပြီးသတ်ရောင်းချပြီး ယူကရိန်းပြည်သူတွေကို လှူဒါန်းဖို့ ရုရှားလူမျိုး မိုဗစ်က ဆုံးဖြတ်ခဲ့တာပါ။
ဗြိတိန်နိုင်ငံရေးသမားတွေဟာ ရုရှားသမ္မတ ပူတင်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ အေဗရာမိုဗစ်ကို အရေးယူမှုပြုလုပ်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။
ဒီအခြေအနေကြောင့် ချဲလ်ဆီးအသင်းရဲ့ အကျိုးစီးပွားအတွက် ရောင်းချပြီးတော့ အသင်းနဲ့ ပတ်သက်ခြင်းမရှိစေဖို့ မိုဗစ်က ဆုံးဖြတ်ခဲ့တာပါ။
မိုဗစ်ဟာ ချဲလ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်က ပေါင်သန်း ၁၄၀ နဲ့ ဝယ်ယူခဲ့ပြီး ဆုဖလားတွေ ရယူနိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ များစွာလုပ်ပေးခဲ့ပါတယ်။
“အသင်းရောင်းချမှုကို လျင်မြန်စွာ ပြီးဆုံးဖို့ မရှိသေးပေမယ့် သတ်မှတ်ထားတဲ့ လုပ်ငန်းဆောင်တာတွေအတိုင်း ဆက်သွားပါလိမ့်မယ်။ အသင်းက ကျနော့်ဆီ ပြန်ဆပ်ရမယ့်ငွေကြေးတွေကိုလည်း ပြန်တောင်းမှာ မဟုတ်ပါဘူး။ အသင်းကို ဝယ်ယူခဲ့စဉ်ကတည်းက စီးပွားရေးနဲ့ငွေကြေးအတွက် ဘယ်တုန်းကမှမဟုတ်ခဲ့ဘဲ အသင်းအတွက်ဖြူစင်တဲ့ စိတ်အားထက်သန်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံပေးခဲ့တာပါ။ အသင်းရောင်းချမှုတွေကနေ ရရှိတဲ့ငွေကြေးကို ဖောင်ဒေးရှင်းတခု တည်ထောင်ပြီး ရေတိုနဲ့ ရေရှည်အတွင်း ပြန်လည်ထူထောင်မှုတွေလုပ်ဖို့လိုတဲ့ ယူကရိန်းက စစ်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းပေးသွားပါမယ်” လို့ အေဗရာမိုဗစ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။