ရုရှားဆန့်ကျင်ကြောင်းပြသမည့် ပရီးမီးယားလိဂ်ပွဲများကို ပြသခြင်းမပြုရန် တရုတ်စီစဉ်

ရုရှားနိုင်ငံကို ဆန့်ကျင်ကြောင်းပြသကြမယ့် ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တရုတ် နိုင်ငံကရုပ်သံတွေက ပြသခြင်းမပြုဖို့ စီစဉ်နေပါတယ်။
အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ယူကရိန်းနဲ့အတူရပ်တည်ပြီး ရုရှားကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသမှုအမျိုးမျိုးပြုလုပ်ခဲ့ပါတယ်။
အခုတပတ်မှာတော့ ပရီးမီးယားလိဂ်အသင်း ၂ဝ က အသင်းခေါင်းဆောင်တွေဟာ ယူကရိန်းအလံရောင် လက်ပတ်တွေကို ဝတ်ဆင်ကစားကြမှာဖြစ်သလို ပရိသတ်တွေ၊ မန်နေဂျာတွေနဲ့ သက်ဆိုင်သူ အားလုံးဟာလည်း ပွဲမစခင်မှာ ယူကရိန်းနိုင်ငံနဲ့အတူရှိကြောင်း ထုတ်ဖော်ပြသကြဖို့ရှိပါတယ်။
ပွဲကြည့်စင်က ပရိုဂျက်တာမှာလည်း ယူကရိန်းအလံနောက်ခံပေါ်မှာ Football Stands Together ဆိုတဲ့စာသားကို ပြသပြီး ယူကရိန်းနဲ့အတူတကွရှိနေကြောင်း ထုတ်ဖော်ကြမှာပါ။
ဒါ့အပြင် စစ်ပွဲ အလိုမရှိ ဆိုတဲ့ တောင်းဆိုမှုတွေလည်း ပရိသတ်တွေဘက်က ပြုလုပ်သွားဖို့ရှိပါတယ်။
အဲဒီလို အစီအစဉ်တွေကြောင့် ပရီးမီးယားလိဂ်ရုပ်သံထုတ်လွှင့်ခွင့်ကို ဝယ်ယူထားကြတဲ့ တရုတ်ရုပ်သံတွေကနေ ဒီတပတ်ပွဲစဉ်တွေကို ထုတ်လွှင့်ပြသခြင်းမပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီကိစ္စအပေါ် ပရီးမီးယားလိဂ်ဘက်က အတည်မပြုသေးပေမယ့် ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
တရုတ်နိုင်ငံဟာ ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေလုပ်ခဲ့တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကိုလည်း ပြစ်တင် ဝေဖန်ခဲ့ပါတယ်။