အင်းတော်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၅ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီယာဉ်တန်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီနေ့မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်က ထီးချိုင့်ဘက်က တက်လာတဲ့ စစ်ကောင်စီ စစ်ယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့တွေက အင်းတော်မြို့နယ်၊ မော်လူးနဲ့ နဘားကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကာ မိနစ် ၃၀ ကြာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကားတစီးတိမ်းမှောက်ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revolution-IR က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၃ ရက်ကလည်း စစ်ကောင်စီ ယာဥ်တန်းလုံခြုံရေးယူလာတဲ့ အဖွဲ့ကို နေရာလေးခုခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၈ ယောက်လောက် သေဆုံးခဲ့ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တာ ၁ နှစ် ကျော် လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားကတိုက်ပွဲ ပြင်းထန်နေပြီး အခြေအနေတွေ ပိုဆိုးလာနေတာ ဖြစ်ပါတယ်။