close

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာတွင် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာပတ်ဝန်းကျင်တွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၄ ရက် ဒီကနေ့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ဆွမ်ပီယန်ကျေးရွာထဲမှာ မနေ့ ညနေ ၄ နာရီက စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့မနက် မနက်အစောပိုင်း အချိန်ကလည်း  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။

ဆွမ်ပီယန်ကျေးရွာနားမှာ တိမ်းရှောင်နေတဲ့ပြည်သူတဦးက " ဒီမနက်အစာကြီး ၄ နာရီ၊ ၅ နာရီဝန်းကျင်ကနေ ချနေကြတာ ပစ်လိုက် နားလိုက်ပဲ၊ သုံးကြိမ်လောက်ရှိတယ်။  တော်တော်ပြင်းထန်တယ်။ အကြီးသံတွေကော အသေးသံတွေကော ပစ်သံတွေကြားရတယ်။ ရွာရဲ့အရှေ့အနောက်ဘယ်နေရာလို့တောင် ပြောလို့ မရဘူး၊ နေရာတိုင်းမှာပဲ"လို့  ပြောပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ လက်ရှိအချိန်ထိ ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက တပ်စွဲထားပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ​ရွာခံတွေထံက သိရပါတယ်။

မတ်လ ၃ ရက်  ညနေက စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်ရောက် လာတဲ့ အချိန်ကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီး အသက်၂၂နှစ်အတွက် လူငယ်တစ်ဦးကို စစ်ကောင်စီက တညလုံးဖမ်းဆီးထားပြီး မနက်ပိုင်းမှာ  ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ဆွမ်ပီယန်ကျေးရွာက ပြည်သူတွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းက ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းပုံစံ ရွက်ဖျင်တဲတွေနဲ့ ရွာအနီးက တောင်ယာတွေမှာ နေထိုင်နေပေမဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပိုမိုလုံခြုံတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရလို့ လက်ရှိမှာ အမိုးအကာမရှိ တောတောင်ထဲမှာ အဆင်ပြေသလို နေထိုင်နေရတယ်လို့ သိရပါတယ်။

ဆွမ်ပီယန်ဒေသမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲကနေ ယနေ့ အချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဆွမ်ပီယန် ကျေးရွာနားက ရှိတ်ကတ်တောင်ပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေပြီးတော့ KIA နဲ့ KPDFတွေ ပူးပေါင်းသိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီက ပြန်လည်ရယူဖို့ အပြင်းအထန် တိုက်ခိုက်နေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up