close

မတ္တရာမြို့နယ်၊ ကင်းကျေးရွာရှိနေအိမ်အချို့ကို စစ်တပ်ကမီးရှို့၊ ရွာသား ၅၀၀၀ ခန့် ထွက်ပြေး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ပိုင်း ကင်းကျေးရွာကို မတ်လ ၄ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်တွေက  ဝင်ရောက်လာပြီး လူနေအိမ် ၄ လုံးကို မီးရှို့ခဲ့လို့ ကင်းကျေးရွာနဲ့ အနီးအနားရွာတချို့က ကျေးရွာသားတွေ လူဦးရေ ၅၀၀၀ လောက် စစ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက မတ္တရာနယ်မှာ စစ်ကောင်စီရဲ့ ဆိုင်ကယ်စီး စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းသေဆုံးပြီးနောက်  စစ်ကောင်စီတပ်တွေက ဒေသခံကျေးရွာတွေကို အခုလို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာပါ။

မွန်းလွဲပိုင်းမှာ မတ္တရာမြို့ဘက်ကနေ စစ်ကားအကြီး တစ်စီး၊ ဒိုင်နာတစ်စီးနဲ့ အပြည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီး ကင်းရွာက ပြည်သူတွေရဲ့ နေအိမ်လေးလုံးကို မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။

မီးရှို့ခံရတဲ့ နေအိမ်တွေဟာ ကင်းရွာ တောင်ပိုင်းက ၂ အိမ်နဲ့ မြောက်ပိုင်းက ၂ အိမ် ဖြစ်ပြီး ယခင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ နေအိမ်နဲ့ ပြည်သူတစ်ဦးရဲ့ နေအိမ်နဲ့ တွဲလျှက် ပန့်ဆီဆိုင်တစ်ဆိုင်လည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အခုလို မီးရှို့ဖျက်ဆီးတာဟာ တော်လှန်ရေးနဲ့ မပတ်သက်တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေဖြစ်တယ်လို့  ပငဖ (မတ္တရာ)ရဲ့ တာဝန်ခံက ပြောပါတယ်။

“ဒီ မီးရှို့တဲ့အိမ်တွေက  ကျနော်တို့ တိုက်ခိုက်မှုနဲ့ မဆိုင်ဘူး။ ကင်းရွာမှာ ပျူတွေဘာတွေရှိတယ်။ ရှိတော့ ဒီပျူတွေက သူတို့နဲ့ မတည့်တဲ့အိမ်တွေကို လက်ညှိုးထိုးပြလိုက်တော့ စစ်တပ်က အဲ့ဒီအိမ်တွေကို မီးရှို့တယ်”လို့ ပြောပါတယ်။

ကင်းကျေးရွာမှာ လူဦးရေ ၄၀၀၀ လောက်ရှိပြီး  အနီးနားက လူဦးရေ ၇၀၀ ကျော်သာရှိတဲ့  ရွာသာယာရွာက ပြည်သူတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေကြရကာ တိမ်းရှောင်နေကြရတဲ့ ပြည်သူ ၅၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဒေသခံရွာသား တစ်ဦးက"ရွာလုံးကျွတ်တော့ ခု စွန့်ခွာပြီးတော့ပြေးကြပြီပေါ့"လို့ ပြောပါတယ်။

ကင်းကျေးရွာကို မီးရှို့ပြီးတဲ့နောက် ကင်းရွာကနေ သဖန်းကိုင်းကျေးရွာသို့ သွားရာမှာလည်း ကင်းကျေးရွာသူ  အမျိုးသမီး ၆ ယောက်ကို  စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လူသားဒိုင်းအဖြစ် ဓားစာခံ ခေါ်သွားတယ်လို့ ကျေးရွာနေပြည်သူတွေထံက သိရပါတယ်။

ကင်းရွာက ဆိုင်ကယ်တွေငှားကာ မတ္တရာအရှေ့ပိုင်း နယ်မြေကို စစ်ဆေးရှာဖွေခဲ့တာဖြစ်ပြီး ၊ သဖန်းကိုင်းရွာမှာ တပ်ဖွဲ့ ၁၀ ယောက်လောက်ချန်ထားခဲ့တာကြောင့် ကျန်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကယ်ဆယ်ဖို့ အမျိုးသမီးတွေကို လူသားဒိုင်းအဖြစ်သုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ တပ်တွေဟာ ကင်းရွာအတွင်းမှာပဲ  စခန်းချနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up