ခင်ဦးမြို့နယ်၌ တိုက်ပွဲဖြစ်၊ စစ်တပ်ကရွာဝင်မီးရှို့၊ ၅ နှစ်အရွယ်ကလေးငယ် ကျည်ဆန်ထိမှန်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ဒန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေက မတ်လ ၅ ရက် ဒီနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်က ဝင်ရောက်ပစ်ခတ်ကာ လူနေအိမ်တွေပါ မီးရှို့သွားခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်းပစ်ခတ်တာကြောင့် ၅ နှစ်ရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည်ထိမှန်ထားတယ်လို့သိရပါတယ်။
ဒေသခံရွာသား တစ်ဦးက “ပြန်စရာ ကျနော်တို့ အိမ် မရှိတော့ပါဘူး။ စစ်ကောင်စီပစ်လို့ ရွာက ၅နှစ် အရွယ် ကလေးလည်း ကျည်မှန်ထားတယ်။ တစ်ရွာလုံးနီးပါး မီးလောင်သွားနိုင်တယ်။ ဒီကောင်တွေရှိနေတော့ မီးလောင်အိမ်ဘယ်နှစ်လုံးရှိမယ်ဆိုတာတော့အတိကျမသိရသေးဘူး”လို့ ပြောပါတယ်။
ခင်ဦးမြိုနယ်အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ဒန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်နဲ့ မီးရှို့ဖျက်ဆီးနေသလို လက်ရှိအချိန်အထိ မီးလောင်နေပြီး မီးငြှိမ်းမယ့်သူ မရှိဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၉ လုံး မီးလောင်ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။