close

ဗန်းမော်တွင် လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့​ပေါ်နဲ့ ပတ်ဝန်းကျင်ရပ်ကွက်တွေမှာ မူးယစ်ဆေးဝါးတွေထဲက ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ သုံးစွဲသူတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို့  မြို့ခံတွေက ပြောပါတယ်။

မူးယစ်ဆေး သုံးစွဲမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ ပိုမိုများပြားလာပြီးတော့ လူနေရပ်ကွက်လမ်းကြားတွေမှာ ရောင်းဝယ်တာ၊ သုံးစွဲတာတွေ ပိုမိုမျာပြားလာတယ်လို့ မြို့ပေါ်ရပ်ကွက်နေ ပြည်သူခံတစ်ဦးက ပြောပါတယ်။

"ကျမတို့ ရပ်ကွက်မှာဆို အရမ်းများလာတယ်၊ အပ်တန်းလန်းနဲ့ လမ်းဘေးတွေမှာ ပေါ်တင်ထိုးနေကြတာ။ ရောင်းတဲ့သူတွေကော၊ ရောင်းတဲ့သူတွေထဲမှာ မိန်းကလေးတွေကော ပါတယ်။”

ဗန်းမော်မြို့မှာ လူငယ်တွေအကြား  သွေးကြောထဲသွင်းပြီးသုံးတဲ့ ဘိန်းဖြူနဲ့ တခြားမူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ ရောင်းဝယ်မှုတွေပေါများလာတာဟာ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ အလုပ်ကောင်းကောင်းမလုပ်လို့ ဖြစ်တယ်လို့ လူထုအခြေပြု မူးယစ်ဆေးဝါး တားဆီးရေး လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်ခဲ့တဲ့ လူငယ်ကပြောပါတယ်။

“ဗန်းမော်မှာဆိုရင် လွန်ခဲ့တဲ့နှစ်တွေက မူးယစ်ဆေးသုံးတာ မရှိသလောက်နည်းတယ်။ ရောင်းတဲ့သူကော၊ သုံးတဲ့သူကော မြို့ပြင်လောက်ပဲ ရှိကြတာ၊ ကျနော်တို့လည်း တားဆီးရေးလုပ်ငန်းတွေကိုလုပ်ခဲ့တယ်။ ကျနော်တို့လည်း  ကိုဗစ်ဖြစ်ကတည်းကနေ တားဆီးရေးလုပ်ငန်းတွေ ရပ်ကုန်တယ်။ ဒီနေ့အထိကောင်းကောင်းမလုပ်နိင်ဘူး၊ အဲတာတွေလဲပါမယ်။ မူးယစ်ရဲတွေကော အလုပ်ကောင်းကောင်း မလုပ်ဘူးအဲတာကြောင့် မြို့ပေါ်တွေအထိ ပေါ်ပေါ်တင်တင် လုပ်လာတာ။”

ဗန်းမော်မြို့အဝင် စစ်ဆေးဂိတ်များစွာရှိနေပေမဲ့ မြို့ပေါ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲမှုများလာတာဟာ စစ်ကောင်စီလက်အောက်က ရဲ၊ စစ်သားတွေရဲ့ လာဘ်ယူမှုတွေကြောင့် ဂိတ် အဆင့်ဆင့်ကို ဖြတ်ပြီး မြို့ပေါ်ရောက်လာတာဖြစ်တယ်လို့ ဝေဖန်ထောက်ပြတဲ့ မြို့ခံတွေလည်း ရှိနေပါတယ်။

ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေ ပေါများလာလို့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ခိုးတာ၊ လုယက်တာတွေလည်း  နေစဉ်နဲ့ အမျှ ရပ်ကွက်တွေမှာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့မှာ မူးယစ်ဆေးဝါးနဲ့အတူ လောင်းကစားဝိုင်းတွေလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ  ပေါများလာနေပါတယ်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေမှာလည်း ဘိန်းဖြူသုံးစွဲတဲ့ လူငယ်တွေ အရင်ကထက် ပိုမိုများပြားလာနေသလို ကချင်ပြည်နယ်အရှေ့ခြမ်းနဲ့ အနောက်ဘက်ဒေသ တွေမှာလည်း ဘိန်းစိုက်ပျိုးမှုတွေ အရင်နှစ်တွေထက် ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up