ကလေးမြို့ ကျေးရွာများ၌ အင်တာနက်ဖြတ်ခံထားရပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွား

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ အင်တာနက် သုံးစွဲလို့ ရပေမဲ့ ကျေးရွာတွေနဲ့ နယ်ဘက်တွေမှာ လိုင်းမရလို့ သတင်းအမှောင်ချခံနေရပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးမြို့နယ် အောင်မင်္ဂလာကျေးရွာ အနောက်ဘက်နဲ့ တောင်ဘက်ပိုင်းတွေမှာ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး နေစဉ်လိုလို တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး ကျေးရွာထဲ လက်နက်ကြီး ကျရောက်တာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ထွက်ပြေး ဒေသခံတွေဟာ မင်းလှကျေးရွာစစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြရပြီး အိုးအိမ် စွန့်ခွာခဲ့ရတဲ့အတွက် စားနပ်ရိက္ခာတွေ အဝတ်အထည်တွေ ခြုံစောင်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ရာသီအကူးအပြောင်းကာလဖြစ်လို့ ဖျားနာမှုတွေ များပြားနေပြီး ကျန်းမာရေး အခက်အခဲကတော့ အဓိကလိုအပ်နေတယ်လို့လည်း ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၁၀၀ ကျော်ရှိပြီး သက်ကြီးရွယ်အိုတွေ၊ မသန်မစွမ်းတွေ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ရတဲ့အချိန်ကြာလာတာနဲ့အမျှ တိုက်ရိုက်ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်း တွေနဲ့ ပရဟိတအသင်းတွေလည်း မရှိတာကြောင့် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ထပ်မံ သိရှိရပါတယ်။
ကလေးမြိုအနောက်မြောက်ဘက် လက်ပံချောင်းရွာနဲ့ မြောက်ချောတောရွာကြားမှာလည်း လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားအင်အား ၅၀ လောက် မတ် ၄ ရက် မနက်အစောပိုင်းကစပြီး နေ့ခင်ပိုင်းအချိန်ထိ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးနေ တယ်လို့ သိရပါတယ်။
ကျေးရွာသားဒေသခံတဦးက "စစ်ကောင်စီတပ်သားတွေ စံပြဘက်ကနေ ခြေလျင်နဲ့ အင်အား ၅၀ လောက်ရောက်လာပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတယ်။ ပါလာတဲ့ ဖုန်းတွေလည်း စစ်တယ်။ လမ်းသွားလမ်းလာယောကျ်ားလေးတစ်ယောက်ကို ဖမ်းပြီးတော့ ကြိုးနဲ့ လက်ကို နောက်ပြန်ကြိုးတုတ်ပြီး သူတို့အဖွဲ့က လူတွေက ခေါင်းကို ခြေထောက်နဲ့ကန်ကြတယ်။ ပြီးတော့ မြေကြီးပေါ်မှောက်ခိုင်းတယ်။ နည်းနည်းကြာတော့ ပြန်လွှတ်လိုက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ အခုလိုလက်ပံချောင်းကျေးရွာဘက်မှာ ပြည်သူတွေကို စစ်ဆေးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ ဆိုပါတယ်။