close

ဒီပဲယင်းနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကိုမီးရှို့ဖျက်ဆီး၊ ဒေသခံများ ညအချိန်ပါ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းကကျေးရွာတွေမှာ  စစ်ကောင်စီတပ်တွေက မတ် ၆ ရက် မန့ ည ၁၁ နာရီကျော်လောက်မှာ ဝင်ရောက်လာခဲ့တာကြောင့် ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို ထွက်ပြေးနေရတဲ့ ကျေးရွာ ၅ ရွာဟာ စိုင်ပြင်မြို့နယ်နဲ့ အနီးဆုံးကျေးရွာတွေလည်း ဖြစ်တဲ့ ကြခတ်၊ ရွှေဒါးကံ၊ ကျောက်ဖျာ၊ ပျံကျ၊ မင်းဆွေနှစ်ရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

“စိုင်ပြင်ရဲစခန်းကနေ အယောက် ၃၀ ကျော်နဲ့ စစ်ကြောင်းထိုးလို့ ထွက်ပြေးရတယ်။ ညလည်း ပြည်သူတွေ ကောင်းကောင်းမအိပ်ရဘူး။ ကျီးလန့်စာစား ပြေးနေရတဲ့ ဘဝတွေပါ။ ဒီကောင်တွေက မယုံရဘူးဗျ။‌ မပြေးရင်လည်း ဒီကောင်တွေနဲ့တွေ့ရင် အသတ်ခံရတာချည်းပဲဆိုတော့ လူတွေလည်း ပြေးကြရတယ်” လို့ ‌မင်းဆွေနှစ်ရွာခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ်လ ၂ ရက် မနက် ၅ နာရီလောက်ကလည်း  မင်းဆွေနှစ်ကျေးရွာကို ဝင်ရောက်ခဲ့ပြီး ‌အဲဒီကျေးရွာက ဒေသခံလုံခြုံရေးကင်းသမား ၈ ဦးကို သတ်ဖြတ်သွားခဲ့ပါတယ်။

အလားတူ  စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာလည်း တပ်မ ၇၇  စစ်ကောင်စီတပ်တွေက  အကြမ်းဖက်ဝင်ရောက်စီးနင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ မီးရှို့သတ်ဖြတ်မှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြရပါတယ်။

မတ်လ ၆ ရက်က စစ်ကောင်စီတပ်တွေဟာ ကျွန်းလည် ကျေးရွာဘက်သို့ ဝင်ရောက်စီးနင်းပြီး မနက် ၈ နာရီလောက်မှာ ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားပါတယ်။

မတ်လ ၅ ရက်ကလည်း  အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာပြီး ဒါန်းကုန်းကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ကာ နေ့လယ် ၂ နာရီလောက်မှာ နေအိမ်တွေကို မီးရှို့ခဲ့လို့  အိမ်ခြေ ၁၂၀ ကျော်ရှိ ကျေးရွာမှာ ထက်ဝက်ကျော်လောက် မီးထဲပါသွားပါတယ်။

အဆိုပါနေ့မှာပဲ မှန်တော်ကျေးရွာကိုလည်း စစ်တပ်ကဝင်ရောက်စီးနင်းကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ည ၈ နာရီလောက်မှာ  ရွာကိုမီးရှို့ခဲ့လို့ ညလုံးပေါက် မီး​လောင်​​ပြီး၊ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up