မြောက်ကိုရီးယားက ကင်းထောက် ဂြိုဟ်တုစနစ်အတွက် ပဲ့ထိန်းဒုံးကျည် ထပ်မံပစ်လွှတ်

မြောက်ကိုရီးယား အစိုးရက ကင်းထောက် ဂြိုဟ်တုစနစ်တွေအတွက် နောက်ထပ်အရေးကြီးတဲ့ စမ်းသပ်ချက်တရပ်ကို စမ်းသပ်လိုက်တယ်လို့ အစိုးရရုပ်သံ KRT က မတ်လ ၆ ရက်မှာ ပြောပါတယ်။
တပတ်အတွင်း ဒုတိယအနေနဲ့ မြောက်ကိုရီးယားကနေ ပဲ့ထိန်းဒုံးကျည်တစီး ပစ်လွှတ်လိုက်ကြောင်း ဒေသတွင်း စစ်ဘက်အာဏာပိုင်တွေက သတင်းထုတ်အပြီး နောက်နေ့မှာ ခုလို ကြေညာလိုက်တာပါ။
မြောက်ကိုရီးယား အမျိုးသား လေကြောင်းနဲ့ အာကာသဖွံ့ဖြိုးမှု စီမံခန့်ခွဲရေးဌာန နာဒါနဲ့ ကာကွယ်ရေးသိပ္ပံ တက္ကသိုလ်တို့က ကင်းထောက်ဂြိုဟ်တု တိုးတက်ရေး စီမံကိန်းအောက်ကနေ ပစ်လွှတ်ခဲ့တာလို့ အစိုးရ မီဒီယာက ပြောပါတယ်။
မြေပြင်ကနေ ထိန်းချုပ်တဲ့ စနစ်အမျိုးမျိုး၊ ထိန်းချုပ် အမိန့်ပေးစနစ်၊ ဂြိုဟ်တုရဲ့ သတင်းအချက်အလက် ပို့လွှတ်မှုစနစ်၊ လက်ခံမှုစနစ်တွေရဲ့ ယုံကြည်စိတ်ချရမှုတွေကို နာဒါက အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က နောက်ဆုံး စမ်းသပ်ချက်လိုပဲ ဂြိုဟ်တုပစ်လွှတ်ချိန်မှာသုံးတဲ့ ဒုံးပျံ ရဲ့ အမျိုးအစားကို KCNA က မကြေညာခဲ့ပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယား နိုင်ငံတကာ လေဆိပ်ရှိရာ ပြုံယမ်းမြို့တော်နားကနေ ပဲ့ထိန်းဒုံးပျံကို ပစ်လွှတ်ခဲ့တာ ဖြစ်ပုံရတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောခဲ့ပါတယ်။