ကိုရီးယားကျွန်းဆွယ်အရှေ့ပင်လယ်ထဲ မြောက်ကိုရီးယား ဒုံးကျည်ထပ်မံပစ်လွှတ်

တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယားက သံသယဖြစ်ဖွယ် တိုက်ချင်းပစ်ဒုံးကျည်တခုကို ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ပင်လယ်ထဲ ပစ်လွှတ်ခဲ့ပါတယ်။
မတ် ၅ ရက်နေ့က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ ဒီနှစ်ထဲ ၉ ကြိမ်မြောက် ပစ်လွှတ်မှုပါ။
တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာနက ပြုံယမ်းလေဆိပ်တည်ရှိတဲ့ ဆူနန်ခရိုင်ကနေ ပစ်လွှတ်ခဲ့တာလို့ အတည်ပြုပြီး ကျွန်းဆွယ်တည်ငြိမ်မှုအတွက် လုံးဝ လက်မခံနိုင်သောလုပ်ရပ်လို့ ပြောပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးကလည်း ပြုံယမ်းရဲ့ ဒုံးကျည်တွေ ဆက်တိုက်ပစ်လွှတ်မှုက ဂျပန်နဲ့ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လ ကုလသမဂ္ဂလျှို့ဝှက်အစီရင်ခံစာတခုမှာ မြောက်ကိုရီးယားက နိုင်ငံတကာ ခရစ်တို ငွေကြေးလုပ်ငန်းတွေကို hack လုပ်ပြီး ရရှိထားတဲ့ သန်း ၅၀၀ နီးပါးနဲ့ ဒုံးကျည်တွေ ပစ်ခတ်နေတာလို့ ဖော်ပြထားပါတယ်။