အနောက်နိုင်ငံများ၏မူဝါဒကြောင့် ရုရှားကျူးကျော်စစ်ဖြစ်ရဟု မြောက်ကိုရီးယား ရှုတ်ချ

ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့စစ်ဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဗိုလ်ကျလွှမ်းမိုးရေး မူဝါဒနဲ့ ခြယ်လှယ်ဗိုလ်ကျလွန်းတဲ့ လုပ်ရပ်တွေကြောင့်လို့ မြောက်ကိုရီးယား အစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်တဲ့အကြောင်း မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ဖော်ပြပါတယ်။
ဒါဟာ ရုရှားရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံး တရားဝင် ကြေညာချက် ဖြစ်ပြီး အနောက်နိုင်ငံတွေဟာ အာဏာအလွဲသုံးစားလုပ်တဲ့အပြစ် ရှိတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
လုံခြုံရေး အာမခံချက် တရားဝင်ရရေး အာမခံပေးဖို့ ရုရှားရဲ့ ကျိုးကြောင်းခိုင်လုံပြီး တရားဝင်တဲ့ တောင်းဆိုချက်ကို အမေရိကန်နဲ့ မဟာမိတ်တွေက လျစ်လျူရှုခဲ့တယ်လို့လည်း မြောက်ကိုရီးယား အစိုးရက စွပ်စွဲပါတယ်။
မြောက်ကိုရီးယားက ဒုံးကျည်တစီး ပစ်လွှတ်အပြီး နောက်နေ့မှာ ခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးအတွက် ဆွေးနွေးပွဲတွေကို ရပ်ထားပါတယ်။