ဝက်လက်နှင့် ခင်ဦးတွင် စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံရာချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ဝက်လက်နဲ့ ခင်ဦးမြို့နယ်တွေကို မတ် ၈ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်၊ ကမ်းဖြူကျေးရွာကို မတ် ၈ ရက်နေ့ ညနေပိုင်းမှာ ရွှေဘို ခြေမြန်တပ်ရင်း ၄၂ စစ်ကောင်စီတပ်အင်အား ၈၀ လောက်ဟာ ကျောက်မြောင်းကနေ မော်တော်နဲ့ လာပြီး စဉ့်ကူးနဲ့ ဝက်လက် နယ်စပ်၊ မြစ်ကမ်းနံဘေးက ကမ်းဖြူကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။
“ဘာဖြစ်လာမလဲ အနေအထားတော့ ကျနော်တို့ မသိနိုင်သေးပါဘူးဗျ၊ ဒေသခံပြည်သူလူထုက ထွက်ပြေးနေရတယ်။ မပြေးနိုင်တဲ့ အဘွားအို၊ အမယ်ကြီးအိုတွေတော့ ကျန်ခဲ့တယ်ဗျ။”
အိမ်ခြေ ၁၃၀ လောက်ရှိတဲ့ ကမ်းဖြူကျေးရွာကို စစ်ကောင်စီတပ်က ပထမဆုံးအကြမ် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျေးရွာနေပြည်သူ ၃၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် သက်ပေးကျေးရွာကိုလည်း စစ်ကောင်စီတပ်က မတ် ၈ ရက် မွန်းတည့် ၁၂ နာရီလောက်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး ကျေးရွာတွေကို မီးရှို့တာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“ရွာကို မီးရှို့တာ ဘယ်နှလုံးလောင်တယ်ဆိုတာတော့ အတိအကျမသိရသေးဘူး။ အဲကောင်တွေ ရွာထဲက မထွက်သေးဘူးဆိုတော့ ဘယ်သူမှ ရွာထဲ မဝင်ရဲသေးဘူး။ ဘာကြောင့် စစ်ကောင်စီက မီးရှို့တာလဲဆိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲလိုက်တာ အတုံးအရုံး အထိနာလို့ အခုလို ရွာကို မီးရှို့တာဖြစ်နိုင်တယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့ သက်ပေးကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဒေသခံတွေကတော့ လက်ရှိအချိန်ထိ တောတောင်တွေအထဲ စစ်ဘေးရှောင်နေရပါတယ်။
ခင်ဦးမြိုနယ်အတွင်း မတ် ၈ ရက် တရက်တည်းမှာတင် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျဆုံး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်အတွင်းက မြို့နယ်တွေကို အင်တာနက်ဖြတ်ကာ မတ် ၃ ရက်ကစပြီး မတ် ၈ ရက်အထိ ၆ ရက်တာအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး ကျေးရွာသုံးရွာကိုလည်း မီးရှို့ကြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။