စွမ်းအင်ကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပဲဟု တူရကီသမ္မတ ပြော

အစ္စရေးသမ္မတရဲ့ တူရကီနိုင်ငံဆီ အလည်အပတ်ခရီးစဉ်ဟာ ကာလကြာရှည် မချောမွေ့တဲ့ ဒေသတွင်း အင်အားကြီး ၂ နိုင်ငံကြား ဆက်ဆံရေးအတွက် အလှည့်အပြောင်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း တူရကီသမ္မတ တေယစ်အာဒိုဂံက မတ်လ ၉ ရက်မှာ ပြောလိုက်ပါတယ်။
စွမ်းအင်ကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ဖို့ တူရကီအစိုးရက အသင့်ပဲလို့လည်း သူက ဆက်ပြောပါတယ်။
၂၀၀၈ နောက်ပိုင်း အစ္စရေး ခေါင်းဆောင်တယောက်ရဲ့ ပထမဆုံးခရီးစဉ်အနေနဲ့ တူရကီမြို့တော် အန်ကာရာကို ရောက်နေတဲ့ အစ္စရေးသမ္မတ အိုင်းဇက်ဟာဇော့ဂ်နဲ့ ဆွေးနွေးအပြီးမှာ အာဒိုဂံက ခုလို ပြောလိုက်တာပါ။
အစ္စရေးက ပါလက်စတိုင်းပိုင်နက်ကို သိမ်းပိုက်မှု၊ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် စစ်သွေးကြွ အစ္စလာမစ်အုပ်စုကို တူရကီအစိုးရက ထောက်ခံမှုတွေအတွက် ပြိုင်ဘက် ၂ နိုင်ငံကြား နှစ်ပေါင်းများစွာ ရန်လိုမုန်းတီးခဲ့ကြပေမဲ့ ခုတော့ အေးချမ်းမယ့်နည်းလမ်းကို ရှာနေကြပါတယ်။
နှစ် နိုင်ငံလုံးဟာ အစ္စရေးက သဘာဝဓာတ်ငွေ့တွေကို ဥရောပဆီ သယ်ဖို့ နှစ်နိုင်ငံကြား အတူလုပ်ဆောင်နိုင်တယ်လို့ အာဒိုဂံက အရင်က ပြောဖူးပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ပထမဆုံး စတင်ဆွေးနွေးဖူးတဲ့ အတွေးအခေါ် တကျော့ပြန် ပေါ်လာတာပါ။
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးတဲ့နောက် မြေထဲပင်လယ်ကနေ ဥရောပဆီ ဓာတ်ငွေ့ဖြန့်ဖြူးရေးဟာ ရုရှားဓာတ်ငွေ့ကို ဥရောပက မှီခိုမှု လျော့ကျစေပါတယ်။
ပါလက်စတိုင်းနဲ့ ပတ်သက်တဲ့ တူရကီရဲ့ ချဉ်းကပ်ပုံကိုလည်း အာဒိုဂံက ဟာဇော့ဂ်ကို တင်ပြခဲ့ပါတယ်။ အရာအားလုံးကို သဘောတူမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို သဘောတူရလိမ့်မယ်လို့ ဟာဇော့ဂ်က အာဒိုဂံကို ပြောပါတယ်။
"ကျနော်တို့ရဲ့ သဘောထား ကွဲလွဲချက်တွေကို အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုတွေနဲ့ ကျနော်တို့ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ့် သင့်လျော်သော ယန္တရားတွေ၊ အဖွဲ့အစည်းတွေနဲ့အတူ ဘုံအနာဂတ်ကို ကျနော်တို့ရဲ့ အမြော်အမြင်တွေနဲ့အတူ ဖြေရှင်းသွားဖို့ မျှော်မှန်းတယ်" လို့ ဟာဇော့ဂ်က ပြောပါတယ်။
အစ္စရေးနဲ့ တူရကီတို့ဟာ နှစ်ချီ ရန်လိုနေခဲ့ပေမယ့် ကုန်သွယ်ရေးကိုတော့ ထိန်းသိမ်းထားခဲ့တာပါ။
၂၀၂၁ ခုနှစ်မှာ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံ ရှိပြီး အရင်နှစ်တွေကထက် ပိုတိုးလာခဲ့တယ်လို့ တရားဝင် သတင်းအချက်အလက်တွေက ပြထားပါတယ်။ ဒီနှစ်မှာတော့ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်လိမ့်မယ်လို့ အာဒိုဂံက ပြောခဲ့ပါတယ်။