close

ပြည်သူ ၃ သောင်းခွဲခန့်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးပြီးဟု ယူကရိန်းသမ္မတပြော

ယူကရိန်းမြို့ သုံးမြို့ကနေ ပြည်သူ ၃၅,၀၀၀ လောက်ကို လူသားချင်းစာနာမှု စင်္ကြံလမ်းတွေကနေတဆင့် မတ်လ ၉ ရက်က ဘေးကင်းရာ ရွှေ့ပေးခဲ့ပြီးပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက ပြောလိုက်ပါတယ်။

အာဏာပိုင်တွေဟာ နောက်ထပ် စင်္ကြံလမ်း ၆ လမ်းကို မတ်လ ၁၀ ရက်မှာ ဖွင့်ပေးဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

အကြီးအကျယ် ဗုံးကြဲခံခဲ့ရတဲ့ မာရိုင်ပူနဲ့ အစ်ဇီယံမြို့တွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာရုံစိုက်ထားမယ်လို့ ဇလန်းစကီးက ရုပ်သံမိန့်ခွန်းထဲမှာ ပြောပါတယ်။

ပိတ်မိနေတဲ့ အရပ်သားတွေ မြို့ထဲကနေ ထွက်ပြေးနိုင်ဖို့ အပစ်အခတ် ရပ်ထားဖို့ ရုရှားက ကတိပြုထားပေမဲ့ ဗုဒ္ဓဟူးနေ့က မာရိုင်ပူမြို့ထဲမှာ ကလေးဆေးရုံတခု ဗုံးကြဲခံခဲ့ရပါတယ်။

ကိယက်ဗ်ဒေသထဲက မြို့တွေနဲ့အတူ စူမွေနဲ့ အီနာဂိုဒါမြို့တွေကနေ အရပ်သား ၃၅,၀၀၀ လောက် စွန့်ခွာလာခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

စူမွေမြို့က အများစုဖြစ်တဲ့ ပြည်သူ ၄၈,၀၀၀ လောက်ကို လူသားချင်းစာနာမှု စင်္ကြံလမ်းတွေကနေတဆင့် ဘေးကင်းရာ ရွှေ့ပေးပြီးပြီလို့ သမ္မတရုံး ဒုအကြီးအကဲကို ကိုးကားပြီး အင်တာဖက်စ် ယူကရိန်း သတင်းဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up