ဆောမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၅ ဦးသေ၊ ဝက်လက်တွင် စစ်သား ၃ ဦးသေ

မကွေးတိုင်း၊ ဆောမြို့နယ်မှာ မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေက PDF-ဆောနဲ့ စစ်ကောင်စီတပ်တို့ ၂ ရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ PDF-ဆော ကနေ သိရပါတယ်။
ဆောမြို့ကနေ ကျောက်ထုမြို့ဘက်ကို မတ်လ ၇ ရက်နေ့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ PDF-ဆောက တိုက်ခိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၅ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“စစ်ကောင်စီဘက်က အင်အား ၁၅၀ လောက်နဲ့ ထိုးစစ်ဆင်လာပြီး လမ်းမှာညအိပ်ကြတာဗျ။ ကျနော်တို့ဘက်က ထောင်ထားတဲ့ မိုင်းတွေကို စစ်ကောင်စီတပ်တွေ နင်းမိပြီး မိုင်းစကွဲကာ ဆောမြို့နဲ့ လယ်ကြီးအိုင့်ရွာကြားမှာ မတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းလောက်က စပြီး ထိတွေ့တိုက်ပွဲဖြစ်ကာ ကံချောင်းမရောက်ခင်ထိ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေတယ်။”
ကံချောင်းနဲ့ ကျောက်ထုကြားမှာလည်း မတ်လ ၉ ရက်နေ့မှာ တိုက်ပွဲအပြင်းထန်ဖြစ်ပြီး စစ်ကောင်စီ ဘက်က ၆ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ကျော်လောက် ဒဏ်ရာရရှိ သွားတယ်လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းပစ်ခတ်ခဲ့ပေမဲ့ PDF-ဆောဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ဆိုပါတယ်။
PDF-ဆော တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက"PDF များတိုက်ပွဲတိုင်း အောင်မြင်ပါစေလို့"ကြွေးကြော်ကာ အောင်သပြေပန်းတွေနဲ့ ကြိုဆိုကြပြီး ထမင်း/ဟင်းနဲ့ စားသောက်ဖွယ်ရာတွေကျွေးမွေးခဲ့ကြပါတယ်။
မကွေးတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ်မှာ မတ်လ ၉ ရက်မနက်ကလည်း ကန်ပက်လက် CDFနဲ့ The Youth Force(ဆော/ ကျောက်ထု)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၅ ယောက်လောက်သေဆုံးပြီး ၉ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာလည်း ဝက်လက်PDFနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသွားတယ်လို့ ဝက်လက်မြို့နယ် PDF တပ်ရင်း(၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
မတ်လ ၉ ရက် ညနေ ၃ နာရီလောက်စလို့ တိုက်ပွဲ ဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကာ ၂ ဦး နှစ်ဦးဒဏ်ရာရခဲ့တာပါ။
ဝက်လက် PDF တပ်ရင်း ၂ နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ အကျအဆုံး ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးလို့ထုတ်ပြန်ခဲ့ပါတယ်
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။