ဆောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီက ၅ ဦးထက်မနည်းသေဆုံး၊ အများအပြားဒဏ်ရာရ

မကွေးတိုင်းဆောမြို့နယ်မှတ် မတ်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ PDF-ဆောက ပြောပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးဘက်ကနေ ဆောမြို့နယ်ထဲကို ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မတ်လ ၄ ရက်နေ့ မနက် ၆ နာရီလောက်ကနေ ၁၁ နာရီလောက်အထိ PDF-ဆောနဲ့ ညောင်ရမ်းတပ်ဖွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
ဒါအပြင် ဆောမြို့နယ်ထဲမှာ မတ် ၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာလည်း စစ်ကောင်စီတပ်တွေကို ညောင်ရမ်းမဟာမိတ်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လက်နက်ကြီး ၄ လုံး၊ မိုင်းကြီး ၄ လုံးနဲ့ ဆွဲမိုင်တိုက်မိုင်းတွေသုံး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဆောမြို့နယ်ထဲက ပြည်သူတွေရဲ့ ဆိုင်ကယ် ၂ စီးနဲ့ တဲ ၄ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြသလို အလောင်းတွေကိုလည်း သင်္ဂြိုဟသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို သိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။