close

မင်းကင်းနှင့် မြောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး သေဆုံး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ် ​တောင်တွင်း​ဒေသမှာ မတ် ၁၂ ရက် ဒီနေ့ မနက်ပိုင်း ၁၀ နာရီလောက်က  စစ်​ကောင်စီတပ်ဖွဲ့​တွေ  မိုင်းဆွဲတိုက်ခိုက်ခံရလို့  ၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံ PDF ​အဖွဲ့ထံက  ​ သိရပါတယ်။

မုံရွာ-ယာကြီး-က​လေးဝလမ်းပိုင်း​ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အင်းကုန်း​ကျေးရွာရဲ့ အ​ရှေ့ဘက်နားမှာ မင်းကင်း PDF(MKPDF)တပ်ရင်း  ၂၊ တပ်ခွဲ ၁ ​အဖွဲ့က တိုက်ခိုက်တာတာလို့ ဒေသခံ PDF ​ခေါင်း​ဆောင်တစ်ဦးက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့အင်အား ၆၀ လောက်ဟာ မြို့မ​ကျေးရွာဘက်ကိုသွားစဥ် သူတို့တပ်စွဲ​နေတဲ့ စခန်းနဲ့ ၁ မိုင်ခွဲ​အကွာ​​ဝေး​လောက်အ​ရောက်မှာ တိုက်ခိုက်ခြင်းခံခဲ့ရတာလို့ ​ဒေသခံ​တွေကလည်း ​ပြောပါတယ်။

မင်းကင်းမြို့နယ် ​တောင်တွင်း​ဒေသမှာ စစ်​ကောင်စီတပ်တွေ တပ်စွဲ​နေထိုင်​နေတာ ၁ လ​ကျော်ရှိနေပြီး  ကြာပင်​ကျေးရွာအနီးမှာ တစ်ဖွဲ့၊ မြို့မ​ကျေးရွာအနီးမှာ တစ်ဖွဲ့နဲ့ အိန္ဒိယလမ်းဆိုဒ် အနီးမှာ တစ်ဖွဲ့ စုစု​ပေါင်း ၃ ဖွဲ့ တပ်စွဲ​နေကာ စုစု​ပေါင်းအင်အား ၂၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဆိုပါတယ်။

မနေ့ည ၁၀ နာရီခန့်​လောက်ကလည်း မြို့မ​ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်ဖွဲ့​တွေက သာစည်​ကျေးရွာအတွင်းကို ဝင်​ရောက်​မွှေ​နှောက်ခဲ့သလို အပြစ်မဲ့ပြည်သူ ၇ ဦး​ကိုလည်း ရိုက်နှက်သွားတယ်လို့  ​​ဒေသခံတစ်ဦးက ​ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်ကို  မရိုးကုန်းတံတားအနီးမှာ  မတ် ၁၁ ရက် ည ၉ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ပြန်ကြားရေးတာဝန်ခံက  ဒီဗွီဘီကို ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က တရစပ် ပြန်လည်ပစ်ခတ်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ အလျင်အမြန် အန္တရာယ်ကင်းကင်းနဲ့ တပ်ဆုတ်နိုင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ -CDSOM နဲ့အတူ ပြည်သူ့တပ်မတော်(မြောင်)-MUA ၊ T.G.R  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaung People’s Defense Force TGR)၊ Zamani Revolution Force (MMU) ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့- CRF ၊ 11 Brothers Revolution Forces တို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up