close

ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် မှန်လုံယာဉ်အပါအဝင်ကား ၃ စီး မီးရှို့ခံရပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထား

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးမှာ မတ် ၁၂ ရက် ဒီနေ့ မနက်ပိုင်းက  ခရီးသည်တင်မှန်လုံယာဉ် ၁ စီးနဲ့ ကုန်တင်ကား ၂ စီး မီးရှို့ခံရပြီးနောက် ကော့ကရိတ်- မြဝတီကားလမ်းကို ဒီကနေ့ မနက်ပိုင်းကစတင်ပြီး ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါးဟာ   ကော့ကရိတ်-မြဝတီ အာရှလမ်းအတိုင်း မြဝတီမြို့ဘက်ကို ခြေလျင်ချီတက်သွားရာလမ်းကြောင်းပေါ်မှာ ယာဉ်မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကော့ကရိတ်ဘက်မှ မောင်းနှင်လာတဲ့ ၁၂ ဘီးကုန်တင်ယာဉ် ၁ စီး၊ မှန်လုံယာဉ် ၁ စီးနဲ့  မြဝတီဘက်မှ မောင်းနှင်လာတဲ့ ၂၂ ဘီးကုန်တင်ယာဉ် ၁ စီးတို့ မီးရှို့ခံခဲ့ရတဲ့အတွက် ယာဉ်ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားလိုက်တာလို့ မြို့ခံတွေက ဆိုပါတယ်။

ကော့ကရိတ်မြို့ခံတစ်ဦးက” မနက် ၁၀ နာရီလောက်က စပြီး ကားတွေ ဖြတ်သန်းခွင့်မပြုတော့ဘူး။ လမ်းမှာ ကားမီးလောင်နေတဲ့အတွက် လမ်းတွေပါ ပိတ်ကုန်ပြီ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ သေချာမသိဘူး။ စစ်ကောင်စီတပ်တွေ ဒီမနက်က လမ်းလျှောက်တက်သွားတယ်။ သူတို့သွားပြီးမကြာဘူး ကားတွေ မီးရှို့ခံရတယ်ဆိုတာကြားရတယ်”လို့ ဆိုပါတယ်။

ဘားအံဘက်မှ လာရောက်တဲ့ မော်တော်ယာဉ်တွေကို ကော့ကရိတ်မြို့အဝင်(လှိုင်ဝ)အနီး ပိတ်ထားသလို့ မြဝတီဘက်ကမောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေကို သင်္ကန်းညီနောင်ဂိတ်အနီးမှ ပိတ်ထားတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက  အာရှလမ်းမကြီးအနီး KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့ အသံတွေကြားနေရသလို အဆိုပါ မော်တော်ယာဉ် ၃ စီးမီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လို့ မီးလောင်ခဲ့တာလို့ ဒေသခံတွေက ပြောပေမဲ့ ဒီဗွီဘီက အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ဖြတ်သန်းသွားလာတဲ့  အိမ်စီးကား တချို့ ကျည်ဆန်ထိမှန်ခဲ့တာရှိပြီး နှစ်ဖက်ပစ်ခတ်မှုကြားမှာ ကျည်ဆန်ထိမှန်တာလို့  ခရီးသွားပြည်သူ တဦးက ပြောပါတယ်။ 

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNLA တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်ရေးအခြေအနေအရ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားမှာဖြစ်ပြီး ယာဉ်မောင်းတွေနဲ့ ခရီးသွားပြည်သူတွေ သတိထားသွားလာဖို့ မြဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။။

KNLA တပ်မဟာ ၆  နယ်မြေကနေ စစ်ကောင်စီတပ်တွေ ပြန်ရုပ်သိမ်းဖို့ ကေအန်ယူဘက်က သတိပေးကြေညာထားသလို စစ်ကောင်စီတပ်တွေကလည်း တပ်တွေပြန်မရုပ်တဲ့ပြင် စစ်အင်အား တိုးချဲ့ချထားတာကြောင့် နှစ်ဘက်စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up