close

ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အရှေ့ဘက် ၁ မိုင်လောက်အကွာမှာ  မတ် ၁၂ ရက် မနက် ၆ နာရီလောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့  စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပါတယ်။

ကော့ကရိတ်မြို့ လုံခြုံရေးယူထားတဲ့ စကခ-၁၂ လက်အောက်ခံ ခလရ ၂၃၀၊ ခလရ ၂၃၁ က အင်အား ၁၀၀ လောက်ဟာ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့အကြား အာရှလမ်းမကြီးအတိုင်း ချီတက်လာစဉ် တစ်တန်ကူးရွာအနားမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  နှစ်ဘက်ထိခိုက်ဒဏ်ရာရမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ တိုက်ပွဲမှာပါဝင်သူ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။

တချိန်တည်းမှာပဲ  ကော့ကရိတ်အရှေ့ဘက် ကိုက် ၆၀၀ လောက်  အာရှလမ်းမမှာ သွားလာနေတဲ့ ၆ ဘီးယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မတ်လ ၁၁ ရက်ကလည်း ကရင်ပြည်နယ် တောင်ကြာအင်းတံတားအနီးမှာ KNLA တပ်ဖွဲ့က စစ်ကောင်စီ ရဲစခန်းတခုကို  ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။  

KNLA တပ်မဟာ ၆  နယ်မြေကနေ စစ်ကောင်စီတပ်တွေ ပြန်ရုပ်သိမ်းဖို့ ကေအန်ယူဘက်က သတိပေးကြေညာထားသလို စစ်ကောင်စီတပ်တွေကလည်း တပ်တွေပြန်မရုပ်တဲ့ပြင် စစ်အင်အား တိုးချဲ့ချထားတာကြောင့် နှစ်ဘက်စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

မြဝတီမြို့နဲ့ ကော့ကရိတ်မြို့အကြား  အာရှလမ်းမကြီးကို KNLA တပ်ဖွဲ့က ကုန်တင်ကားကြီးနဲ့ တချို့ကားတွေကို ဖြတ်သန်းသွားလာတာ  ပိတ်ထားတယ်လို့လည်း  KNLA ဘက်က ပြောပါတယ်။

အာရှလမ်းမကြီးကနေ စစ်ကောင်စီတပ်တွေအတွက် ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်တာ၊ ထိုးစစ်ပြုလုပ်ရာမှာ လျင်မြန်စစ်ကူပေးနိုင်တာကြောင့် မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ ဆက်သွယ်ထားတဲ့ လမ်းကို ပိတ်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အာရှလမ်းပေါင်းကူးတံတားတွေဖြစ်တဲ့ ကော့နွဲတံတား၊ တစ်တန်ကူးတံတား၊ ငါးတန်တံတားနဲ့ တောနော်တံတား  ၄ စင်းကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

လတ်တလော ငါးတန်တံတားကတော့ ကုန်တင် ကားကြီးတွေ မသွားနိုင်လိုက်အောင် ပျက်စီးသွားတယ်လို့ ခရီးသွားပြည်သူ တစ်ဦးကဆိုပါတယ်။ 

KNLA က လမ်းပိတ်ထားတယ်ဆိုပေမဲ့ ပုံမှန်အိမ်စီးကားတွေနဲ့ ခရီးသည်တင်ကားကတော့ ပုံမှန်အတိုင်း သွားလာခွင့် ရနေတယ်လို့ သိရပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up