ရော်နယ်ဒိုနှင့် နေမာတို့လို ဘဝနေထိုင်မှုပုံစံ မိမိနှင့်မသက်ဆိုင်ကြောင်း မာနေးဖွင့်ဟ

ရော်နယ်ဒိုနဲ့ နေမာတို့လို ဘဝနေထိုင်မှုပုံစံဟာ သူနဲ့ သက်ဆိုင်တဲ့အရာမဟုတ်ကြောင်း လီဗာပူး တိုက်စစ်မှူးမာနေးက ပြောပါတယ်။
နာမည်ကြီးဘောလုံးသမားတွေဖြစ်တဲ့ ပေါ်တူဂီနဲ့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒို၊ ဘရာဇီးနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာတို့ဟာ ခမ်းနားတဲ့ဘ ဝနေထိုင်မှုပုံစံတွေနဲ့အတူ ဆိုရှယ်မီဒီယာတွေမှာတင်လေ့ရှိပါတယ်။
မာနေးဟာလည်း လီဗာပူးနဲ့အတူ အောင်မြင်မှုတွေရခဲ့ပြီးနောက် နာမည်ကြီး ကစားသမားဖြစ်လာပေမယ့် ခမ်းနားတဲ့ဘဝနေထိုင်မှုပုံစံဟာ မိမိအတွက်မဟုတ်ကြောင်း ပြောပါတယ်။
“ခမ်းနားထည်ဝါတဲ့ ဘဝနေထိုင်မူရှိတဲ့ သူတွေကို ဝေဖန်မယ့်အစား ကိုယ့်ကိုယ်ကိုယ်ပဲ အဲဒီလိုအပေါ်ယံ ပစ္စည်းတွေနဲဝေးကွာအောင် နေထိုင်ပါတယ်။ အဓိက အချက်ကတော့ ပြောင်းလဲမှုတွေ မလုပ်ချင်တာပါပဲ။ မြို့ငယ်လေးကနေလာတဲ့ ကောင်လေးတယောက်အတွက် ဒီအခြေအနေကပဲ ခမ်းနားတဲ့အောင်မြင်မှုဖြစ်နေပါပြီ။ နေမာနဲ့ ရော်နယ်ဒိုတို့ကို ဆိုရှယ်မီဒီယာတွေမှာ Follow လုပ်ထားပြီး ဒါဆိုရင်ပဲ လုံလောက်ပါတယ်။ သူတို့ရဲ့ ခမ်းနားတဲ့ ဘဝနေထိုင်မှုပုံစံကို နှစ်သက်ပေမယ့်လည်း ဒါတွေက ကျနော့်အတွက်လို့တော့ မထင်ပါဘူး” လို့ မာနေးက ပြောပါတယ်။
အာဖရိကတိုက်က ဆီနီဂေါသား မာနေးဟာ လစာ အမြောက်အမြားရရှိတဲ့ နာမည်ကြီး ကစားသမားဖြစ်ပေမယ့် သိုသိုသိပ်သိပ် နေထိုင်တက်သူ ဖြစ်ပြီး မွေးရပ်မြေအတွက်လည်း လှူဒါန်းမှုတွေ အများအပြား လုပ်ဆောင်နေပါတယ်။