စပါးနှင့်ပွဲ၌ ၃ ဂိုးသွင်းခဲ့သည့် ရော်နယ်ဒို သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်

စပါးအသင်းနဲ့ပွဲစဉ်မှာ ဟတ်ထရစ်သုံးဂိုးသွင်းခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရော်နယ်ဒိုဟာ ကမ္ဘာ့ ဘောလုံးသမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
အရင်က သြစတြီးယား-ချက် နှစ်နိုင်ငံကိုယ်စားပြုကစားသမား ဂျိုးဆက်ဘစ်ကမ်က သွင်းဂိုး ၈၀၅ ဂိုးနဲ့ စံချိန် တင်ထားတာဖြစ်ပြီး ရော်နယ်ဒိုက ၈၀၇ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုး၊ ရီးရဲလ်မက်ဒရစ်အတွက် ၄၅၀ ဂိုး၊ ဂျူဗင်တပ်အတွက် ၁၀၁ ဂိုး၊ ပေါ်တူဂီအတွက် ၁၁၅ ဂိုး၊ မန်ယူနိုက်တက်အတွက် ၁၃၆ ဂိုး သွင်းယူထားပါတယ်။
ရော်နယ်ဒိုအနေနဲ့ ဂန္ထဝင်ကစားသမားကြီးတွေဖြစ်တဲ့ ပီလီ၊ ရိုမာရီယို၊ မာရာ ဒိုနာ တို့ရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့သလို ပြိုင်ဘက် မက်ဆီရဲ့ အထက်မှာလည်း ရပ်တည်နိုင်ခဲ့တာပါ။
လက်ရှိကစားနေဆဲ ကစားသမားတွေထဲမှာ မက်ဆီက ၇၅၉ ဂိုးသွင်းထားပြီး ရော်နယ်ဒိုကို လိုက်မီဖို့ ၄၈ ဂိုး လိုအပ်မှာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အသက်က ၃၇ နှစ်ရှိလာပြီဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက ၃၄ နှစ်ရှိတာကြောင့် သူတို့ ၂ ဦးရဲ့ သွင်းဂိုးအရေအတွက် ပြိုင်ဆိုင်မှုက ဆက်ပြီး မြင်တွေ့ရဖို့ရှိပါတယ်။