ထိုင်းတွင် သတို့သမီးက သတို့သားကို ဘတ်ငွေ ၁၂ သန်းကျော်ဖြင့် တင်တောင်း

ထိုင်းအရှေ့မြောက်ပိုင်း၊ ခွန်ကဲန်ခရိုင်၊ ခွန်ကဲန်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပသွားတဲ့ မင်္ဂလာ ဆောင်ပွဲတစ်ခုမှာ သတို့သမီးဘက်က သတို့သားကို ဘတ်ငွေ ၁၂ သန်းကျော်တန်ဖိုးရှိ ရွှေငွေရတနာ၊ အိမ်ခြံမြေ၊ မော်တော်ကားစတဲ့ အဆောင်ယောင်မျိုးစုံနဲ့တင်တောင်းခဲ့လို့ လူမှုကွန်ရက်မှာ ဟိုးလေးတကြော်ဖြစ်သွားခဲ့ပါတယ်။
ထိုင်းထုံးစံမှာ အမျိုးသားဘက်က အမျိုးသမီးကိုသာ တင်တောင်းလေ့ရှိပြီး အခုတော့ ရိုးရာဓလေ့ကို ဆန့်ကျင်ပြီးတော့ မိန်းကလေးဘက်က ရဲရဲဝံ့ဝံ့ တောင်းရမ်းလက်ထပ်ယူတာကြောင့် အများစုက အံ့ဩနေကြပေမဲ့ အမျိုးသားတွေကတော့ သတို့သားကို အားကျနေတာပါ။
ဒါဟာ ခေတ်သစ်အချစ်ပုံစံသစ်ဖြစ်ကြောင်း၊ သတို့သားနဲ့ သတို့သမီးတို့ဟာ ၈ နှစ်ကျော် ရည်း စားဖြစ်လာခဲ့ပြီး စီးပွါးရေးလည်းအတူလုပ်ကိုင်ရှာဖွေခဲ့ကြောင်း ၊ မင်္ဂလာဆောင်ဖို့ကိစ္စ တိုင်ပင်ထားတာကြပြီဖြစ်ပေမဲ့ သတို့သားဘက်က အချိန်ဆွဲနေလို့ နှစ်ဘက်မိဘတွေနဲ့ တိုင်ပင်ပြီး ခုလိုမိန်းကလေးဘက်က တင်တောင်းရတာလို့ အသက် ၃၃ နှစ်ရွယ် သတို့သမီး ဖစ်ချယားဘိုင်လျူက ပြောပါတယ်။
“လက်ထပ်ဖို့ပြောထားပြီးပြီ၊ သူ့ဘက်က တခါမှလည်းလာမတောင်းဘူး၊ အဲ့ဒါကြောင့် တင်တောင်းမယ်လို့ ဆုံးဖြတ်လိုက်တာ။ သူငယ်ချင်းတွေကလည်း တယောက်မှမစွံသေးဘူး ။ တို့လည်း မစောင့်ချင်တော့ဘူး၊ မစောင့်နိုင်တော့ဘူး ၊ ဒါကြောင့် ဒီလိုဘဲတင်တောင်းလိုက်ရ တာပေါ့ရှင့်။”
သတို့သမီးနဲ့ အသက်ချင်းရွယ်တူဖြစ်တဲ့ သတို့သား နိုင်းနစ်ကိဖာနုဖုန်း ဆိုသူကလည်း “ကျနော်တို့လက်ထပ်ဖို့ တိုင်ပင်ထားတာတော့ကြာပါပြီ။ သူကအခုလို ရုတ်တရက်မြန်မြန်ကြီးလာ တင်တောင်းမယ်လို့မထင်ဘူးလေ ဘယ်လိုပြောမလဲ ဝမ်းသာလုံးဆို့တာပေါ့။ လုပ်လိုက်လေ ကြာ သလားပေါ့ ၊ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။”
သတို့သမီးဘက်က သတို့သားကို တင်တောင်းတဲ့ထဲမှာ ငွေသားချည်း ဘတ် ၂ သန်း ၊ တန်ဖိုး ၅ သိန်းခန့်ရှိ စိန်ရွှေလက်ဝတ်ရတနာတွေ ၊ တန်ဖိုး ၅ သိန်းရှိ မြေဂရံ ၊ ဘတ် ၂ သန်း ၈ သိန်း တန်ဖိုးရှိ BMW ဇိမ်ခံကား ၁ စီး နဲ့ အိမ်ရာတခုမှာ ခြံဝင်းပါ တိုက်တစ်လုံးတို့ပါဝင်ပါတယ်။
အခမ်းအနားမှာ သတို့သမီးဘက်က မင်္ဂလာပန်းကလပ်ကိုင်ပြီး ဆွေမျိုးစုံရာနဲ့ စီတန်းလှည့်လည် ညာသံပေးပြီး လာရောက်တာနဲ့ သတို့သားကိုတွေ့ခွင့်ရဖို့ ရွှေကြိုးငွေကြိုး အထပ်ထပ်ကို ကျော်ဖြတ်ဝင်ရောက်တာ စတဲ့အစီအစဉ်အားလုံးကိုတော့ ထိုင်းရိုးရာအစဉ်အလာအတိုင်း အဆင့်ဆင့်ကျင်းပသွားပါတယ်။