တရုတ်တွင် ကိုဗစ်-၁၉ နေ့စဉ်ရောဂါကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်

ကိုဗစ်-၁၉ ကူးစက်မှုတွေ စတင်ရာ တရုတ်နိုင်ငံမှာ နေ့စဉ်ရောဂါကူးစက်မှုနှုန်းဟာ အရင်နေ့ကထက် ၂ ဆ ပိုတိုးလာခဲ့ပြီး ဒါဟာ ရောဂါကူးစက်မှု စတင်ချိန်ကတည်းက လက်ရှိအချိန်ထိ စံချိန်တင် အမြင့်ဆုံး ကူးစက်မှုဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၅,၂၈၀ ထိ ရှိနေပြီး အဲဒီထဲက ၃ ထောင်ကျော်ကတော့ နိုင်ငံအရှေ့မြောက်ပိုင်း ဂျီလင်းခရိုင်ကဖြစ်ကာ အဆိုးဝါးဆုံးကူးစက်ခံနေရတယ်လို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ကာ တကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့လာခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံတွင်းမှာတော့ “ဇီရိုးကို ဗစ်”ဗျူဟာနဲ့အတူ လော့ခ်ဒေါင်းချ တားမြစ်ပြီး ရောဂါထိန်းချုပ်ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မတ် ၁၅ ရက် ဒီကနေ့မှာတော့ နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ၁ ထောင်ကျော် ၆ ရက်ဆက်တိုက် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် လူဦးရေ ၁၇ သန်းလောက်နေထိုင်ရာ တောင်ပိုင်းနည်းပညာဗဟိုချက်မြို့တော် ရှန့်ဇန်အပါအဝင် တရုတ်နိုင်ငံတဝန်း အနည်းဆုံး မြို့ကြီး ၁၁ မြို့လောက်ကို လော့ခ် ဒေါင်းချထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့တော် ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေက ဒါဇင်နဲ့ချီတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုလည်း ဒီကနေ့ မနက်ပိုင်းက စတင်ကာ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ပိုပြီးတော့ တင်းကျပ်တဲ့ ကျန်းမာရေးစည်းမျဉ်းတွေ ထုတ်ပြန်ထားမြစ်ဖို့ အခြေအနေကို ဆက်သွားနိုင်တယ်လို့ ဆိုပါတယ်။