အမေရိကန် ကာကွယ်ရေးဝန်ကြီး ဘယ်လ်ဂျီယံနိုင်ငံ ရောက်ရှိ

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ ဥရောပ အလည်အပတ် ခရီးစဉ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံကို မတ်လ ၁၅ ရက်က ရောက်လာပါတယ်။
ရုရှားက ယူကရိန်းအပေါ် စစ်ရေးအရ ကျူးကျော်ဝင်ရောက်နေလို့ နေတိုးစစ်ရေးမဟာမိတ်တွေ အားကောင်းလာစေရေး အာရုံစိုက်တဲ့ခရီးစဉ် ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အော်စတင်ဟာ ဘရပ်ဆဲလ်မြို့ကို ပထမဆုံး လည်ပတ်ပြီး နေတိုးအစည်းအဝေးကို တက်ရောက်မယ်၊ ပြီးရင် ဆလိုဗက်ကီးယားနိုင်ငံကို ဆက်သွားမယ်၊ ဘူလ်ဂေးရီးယား နိုင်ငံမှာတော့ အော်စတင်ဟာ စစ်ဘက် အရပ်ဘက် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပေမယ့် လုပ်ငန်းစဉ် အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
စစ်အေးခေတ်ကာလအတွင်း ရုရှားရဲ့ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သူ ဘူလ်ဂေးရီးယားဟာ ခုတော့ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး ယူကရိန်းကို ရုရှားက ကျူးကျော်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ လာမယ့်သီတင်းပတ်မှာ ဘရပ်ဆဲလ်မြို့ကို သွားပြီး နေတိုးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သမ္မတအိမ်ဖြူတော်က မတ် ၁၅ ရက်နေ့မှာ အတည်ပြုပါတယ်။ ဒါ့အပြင် အမေရိကန်က ယူကရိန်းကို စစ်ရေးနဲ့ လုံခြုံရေး အထောက်အပံ့ပေးမယ့် ပိုအသေးစိတ်တဲ့ အချက်အလက်တွေကို မကြာခင် မျှဝေမယ်လို့လည်း ပြောခဲ့ပါတယ်။