နေတိုးမဟာမိတ်အဖွဲ့ကို ယူကရိန်းသမ္မတ ဝေဖန်

နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ရဲ့ စုပေါင်းကာကွယ်ရေး ကတိကဝတ် အပိုဒ် ၅ နဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက ထပ်မံဝေဖန်လိုက်ပါတယ်။
အပိုဒ် ၅ ဟာ အရင်ထက်ပိုပြီး အားနည်းလာနေတယ်လို့ ဇလန်းစကီးက မတ် ၁၅ ရက် ရုပ်သံမိန့်ခွန်းထဲမှာ ပြောလိုက်တာပါ။
ယူကရိန်းနိုင်ငံဟာ အနောက်စစ်ရေးမဟာမိတ်ဖြစ်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် နေတိုးဟာ ယူကရိန်းနိုင်ငံအား ရုရှားက တိုက်ခိုက်ချိန်မှာ ကာကွယ်ပေးဖို့ စစ်တပ်ကို မလွှတ်ပေးခဲ့ပါဘူး။
အလားတူ အဆိုပြုချက်တွေကိုလည်း နေတိုးခေါင်းဆောင်တွေက အရင်တုန်းက ပယ်ချခဲ့ကြပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေကြား အပြန်အလှန် ကာကွယ်ရေး အာမခံချက်ဖြစ်တဲ့ အပိုဒ် ၅ ကို အမေရိကန်ပြည်ထောင်စုက အထွတ်အမြတ်ထား ကတိပြုထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က အရင်အပတ်က လစ်သူယေးနီးယားနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း ပြောခဲ့ပါတယ်။