close

NUG က ၁ လအတွင်း လူသားချင်းစာနာမှုအကူအညီ ၁၈၆ သန်းကျော် ထောက်ပံ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ကျပ် ၁၈၆ ဒသမ ၅၅ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

NUG အစိုးရအနေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးမှာ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက် ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေအပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေကို မိတ်ဖက်အသီးသီးနဲ့ လက်တွဲချိတ်ဆက်ကာ အတက်နိုင်ဆုံး ပံ့ပိုးကူညီပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း ထောက်ပံ့မှုမှာတော့ စစ်ကိုင်းတိုင်း၊ ကရင်နဲ့ ကရင်နီ(ကယား)ပြည်နယ် ၃ ခုကို ထောက်ပံ့မှု အများဆုံးပြုလုပ်ခဲ့ပြီး ယာယီစစ်ဘေးရှောင်စခန်းတွေက လူဦးရေ ၁ သိန်းကျော်ကို ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ စစ်ဘေးရှောင်တွေကို ၁၄၅ ဒသမ ၁၂ သန်း၊ ကျဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ၁၇ ဒသမ ၄၂ သန်း၊ ထိခိုက်လွယ်အုပ်စုဝင် CDM ဝန်ထမ်းတွေကို ၆ ဒသမ ၂၆ သန်း၊ ထိခိုက်လွယ်ပြည်သူတွေနဲ့ မိသားစုဝင်တွေကို ၁၆ ဒသမ ၇၅ သန်းနဲ့ အထွေထွေ လူသားချင်းစာနာမှုအကူအညီတွေအတွက် ၁ သန်းစီ ထောက်ပံ့နိုင်ခဲ့တာပါ။

ခုလို ထောက်ပံ့မှုတွေကို စစ်တပ်ရဲ့ အတားအဆီး အမျိုးမျိုးကြားက ဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေနဲ့ စေတနာ့ဝန်ထမ်းပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၁ ရက်အထိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ စုစုပေါင်း ၅ သိန်းကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်တဲ့ ဒေသတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့ ဆောင်းရာသီသုံးပစ္စည်းတွေ လုံလောက်စွာ မရရှိနိုင်တာကြောင့် တချို့ နေရပ်စွန့်ခွာသူတွေဟာ မူလနေထိုင်ရာဒေသတွေဆီ ပြန်နေကြပေမယ့် ဒေသတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် သူတို့ဟာ နေရပ်စွန့်ခွာရတာတွေ တကျော့ပြန်လည် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up