ယူကရိန်းကို မစ်ဇိုင်းနှင့် ဒရုန်းလက်နက် ဒေါ်လာ သန်း ၈၀၀ ဖိုး ကူညီမည်ဟု ဂျိုးဘိုင်ဒင် ကြေညာ

ယူကရိန်းကို ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ စစ်လက်နက် အကူအညီတွေ ပေးပို့သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ် ၁၆ ရက်နေ့မှာ ကြေညာပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ လေယာဉ်မပျံသန်းရဇုန် တောင်းဆိုမှုကို သမ္မတဘိုင်ဒင်က ငြင်းဆန်ပေမဲ့ ယူကရိန်းပြည်သူတွေ မိမိဘာသာ ခုခံကာကွယ်နိုင်ဖို့နဲ့ ရုရှားတိုက်လေယာဉ်တွေ၊ ဟယ်လီကော်ပတာတွေ ပစ်ချဖို့အတွက် လေယာဉ်ဖျက် တာဝေးပစ် မစ်ဇိုင်းလက်နက် ၈၀၀၊ တင့်ကားဖျက် ဒုံးလက်နက် ၉,၀၀၀၊ ဒရုန်းတွေ၊ သေနတ်ပေါင်းစုံ၊ လောင်ချာနဲ့ လက်ပစ်ဗုံးတွေ တရားဝင် ပေးသွားမယ်လို့ ပြောခဲ့တာပါ။
သမ္မတ ဘိုင်ဒင်က “မနှစ်က ယူကရိန်းကို ဒေါ်လာ သန်း ၆၅၀ ဖိုး ကျနော်တို့ စစ်လက်နက်တွေ ပေးခဲ့တယ်။ အခု ရုရှားကျူးကျော်မှုကို ကာကွယ်ဖို့ ဒေါ်လာ သန်း ၈၀၀ ဖိုး စစ်လက်နက်ပေါင်းစုံ ကူညီပေးသွားမယ်။ ဒါက ဒေါ်လာ ၁ ဘီလီယံကျော် အစီအစဉ်ရဲ့ အစိတ်အပိုင်းပါ။ အမေရိကန် ကာကွယ်ရေးဌာနက စစ်လက်နက်တွေ ယူကရိန်းစစ်တပ်ကို တိုက်ရိုက်လွှဲပေးမှာပါ။ ပေးမယ့်အစီအစဉ်မှာ ယူကရိန်းပြည်သူတွေကို တိုက်ခိုက်နေတဲ့ လေယာဉ်တွေကို ရပ်တန့်စေဖို့နဲ့ ယူကရိန်းဝေဟင်ကို ကာကွယ်ဖို့ လေယာဉ်ဖျက် ဒုံးလက်နက် ၈၀၀ ပါဝင်တယ်။ ယူကရိန်းကို ကာကွယ်ပေးနိုင်တဲ့ ဒရုန်းစနစ်တွေ ပါတယ်” လို့ ပြောပါတယ်။
ယူကရိန်းကို အမေရိကန်တနိုင်ငံတည်း မဟုတ်ဘဲ မဟာမိတ်နိုင်ငံတွေကလည်း ပုံအော ကူညီလိမ့်မယ်လို့ ဆိုပါတယ်။
“အခု စစ်လက်နက်တွေ လွှဲဖို့ အသင့်ဖြစ်နေပါပြီ။ ပူတင်ရဲ့ ကျင့်ဝတ်ပျက်ပြားမှု၊ အရပ်သားတွေအပေါ် တိုက်ခိုက်မှုကို ကာကွယ်ပေးဖို့ အမေရိကန်ပြည်သူတွေက ယူကရိန်းအပေါ် ကတိကဝတ် ရှိပါတယ်” လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။