တရုတ်နိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မြင့်တက်

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာလို့ မြို့တွင်း အသွားအလာ ပိတ်ဆို့ ကန့်သတ်တာတွေ၊ ကူးစက်ခံရမှုရှိမရှိ စမ်းသပ်စစ်ဆေးတာတွေနဲ့ ရောဂါခြေချုပ် သီးခြားခွဲထားတဲ့ စင်တာတွေ တိုးချဲ့နေတယ်လို့ အစိုးရရုပ်သံက မတ်လ ၁၆ ရက်မှာ ပြောပါတယ်။
မတ်လ ၁၅ ရက် တရက်တည်းမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာပြတဲ့ ပြည်တွင်းကူးစက်ခံ ၁,၈၆၀ ရှိတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
တရက်အတွင်း ရောဂါပိုးကူးစက်ခံဦးရေ ထောင်ချီတာ လေးရက်ဆက်တိုက်ဖြစ်ပြီး နိုင်ငံ အရှေ့မြောက်ပိုင်းမှာ လူဦးရေစိပ်စိပ်နဲ့ အသစ်ကူးစက်ခံ အများဆုံးနေ့လို့လည်း မတ်လ ၁၆ ရက်မှာ ပြတဲ့ တရားဝင် သတင်းအချက်အလက်တွေက ဆိုထားပါတယ်။
တရုတ်အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်ရဲ့ မြို့တော် ချန်ချွန်းက ဒေသခံတွေ ကိုဗစ်-၁၉ ကူးစက်ခံရမှုရှိမရှိ စမ်းသပ်ခံဖို့ စီတန်းနေပုံနဲ့ ဝတ်စုံပြည့်ဝတ်ထားတဲ့ လုပ်သားတွေက မြို့တွင်းလမ်းတွေတလျှောက် ပိုးသတ်ဆေးဖျန်းနေပုံတွေကိုလည်း အစိုးရရုပ်သံက ပြသခဲ့ပါတယ်။
လူနာတွေကို ကုသဖို့နဲ့ ရောဂါခြေချုပ်နဲ့ထားဖို့ ယာယီဆေးရုံ ၅ ရုံ တည်ဆောက်ပြီးပြီလို့လည်း စီစီတီဗီရုပ်သံက ပြောပါတယ်။
မတ် ၁၆ တရက်တည်းမှာ ကျိလင်းပြည်နယ် တခုတည်းမှာတင် တရက်အတွင်း ရောဂါလက္ခဏာပြတဲ့ ပြည်တွင်းကူးစက်ခံ ၁,၄၅၆ ယောက်ရှိပြီး အရင်နေ့က ၃,၀၇၆ ယောက် ရှိတယ်လို့ အမျိုးသားကျန်းမာရေး ကော်မရှင်ရဲ့ သတင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။