စစ်ပွဲကြောင့် ယူကရိန်းပြည်သူ ၉၀ ရာခိုင်နှုန်း ဆင်းရဲမွဲတေသွားနိုင်ဟု UNDP ပြော

ယူကရိန်းစစ်ပွဲ နောက်နှစ်အထိ အီလေးဆွဲနေခဲ့ရင် နှစ် ၂၀ ကြာ စီးပွားရေးတိုးတက်ခဲ့တဲ့ ယူကရိန်းပြည်သူ ၉၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေသွားနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က မတ်လ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
UNDP ဟာ စီးပွားရေးပြိုလဲမှု နောက်ဆက်တွဲ အဆိုးဆုံး ဖြစ်နိုင်ချေကို ရှောင်ဖို့ ယူကရိန်းအစိုးရနဲ့အတူ ဆောင်ရွက်နေတယ်၊ ထွက်ပြေးရတာမျိုး မဖြစ်အောင် မိသားစုတွေ စားစရာနဲ့ တခြား အခြေခံလိုအပ်ချက်တွေ ဝယ်နိုင်ရေး ထောက်ပံ့ငွေပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ UNDP အကြီးအကဲ အာချင်မ် စတိန်းနားက ပြောပါတယ်။
တကယ်လို့ စစ်ပွဲက အီလေးဆွဲပြီး ဆက်ဖြစ်နေမယ်ဆိုရင် ဆင်းရဲမွဲတေနှုန်း သိသိသာသာ တိုးလာမယ်လို့ စတိန်းနားက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လူတယောက် တရက် ဝယ်နိုင်စွမ်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဒေါ်လာဟာ ဆင်းရဲမွဲတေမှု စည်းမျဉ်းသတ်မှတ်ချက်လို့လည်း သူက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက မကျူးကျော်ခင်က ယူကရိန်းရဲ့ ဆင်းရဲနှုန်းက ခန့်မှန်းခြေ ၂ ရာခိုင်နှုန်း ရှိတယ်လို့လည်း သူက ပြောပါတယ်။
စစ်ပွဲဟာ ၁၈ နှစ်ကြာ တိုးတက်ခဲ့သမျှကို ၁၈ လအတွင်း ရိုးရိုးရှင်းရှင်းလေး ရှင်းထုတ်ပစ်လိုက်နိုင်တယ်လို့လည်း စတိန်းနားက ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်က ယူကရိန်းနိုင်ငံအတွင်း စစ်ဘေးဒဏ် ဆိုးဆိုးဝါးဝါး ခံနေရသူတွေအတွက် ထောက်ပံ့ဖို့ နောက်တိုး အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးကို မတ်လ ၁၄ ရက်က အတည်ပြုပေးခဲ့ပါတယ်။
လာမယ့်သီတင်းပတ်တွေအတွင်း ယူကရိန်းပြည်သူတွေဆီ ရောက်ဖို့ ကမ္ဘာ့ဘဏ်က ကြိုးစားနေတဲ့ အထောက်အပံ့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၇၂၃ သန်းကို အရင်အပတ်က အတည်ပြုပေးခဲ့ပါတယ်။