ဖေ့စ်ဘွတ်ခ်ပိုင်ရှင် Meta ကုမ္ပဏီအား ရာဇဝတ်မှုဖြင့် ရုရှားအစိုးရ အမှုဖွင့်

ယူကရိန်းစစ်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ရုရှား ကျူးကျော်သူတွေ သေဆုံးပါစေဆိုတဲ့ စာသား ဖေ့စ်ဘွတ် လူမှုကွန်ရက် သုံးစွဲသူတွေကို သုံးခွင့်ပြုဖို့ အမုန်းစကားစည်းမျဉ်းကို ပြင်ဆင်ခဲ့အပြီး ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ကို ရာဇဝတ်မှုနဲ့ ရုရှားအစိုးရက အမှုဖွင့်လိုက်ပါတယ်။
အမေရိကန် နည်းပညာလုပ်ငန်းကြီးကို အစွန်းရောက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ ရုရှားအစိုးရ ရှေ့နေတွေက တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ် လူမှုကွန်ရက်တွေကို ပိုင်တဲ့ အမေရိကန်ကုမ္ပဏီ Meta က ဝန်ထမ်းတွေကို ရုရှားပြည်ထောင်စုက နိုင်ငံသားတွေအပေါ် လူသတ်အကြမ်းဖက်ဖို့ တရားမဝင် ဆော်ဩမှုနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုအဖြစ် စတင်ဆောင်ရွက်နေပြီလို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။
ကော်မတီက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို တိုက်ရိုက် အစီရင်ခံခဲ့တာပါ။ ဒီရာဇဝတ်မှုရဲ့ အကျိုးဆက်က ဘာဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။